xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: May 2011

Tuesday, May 31, 2011

ဂျွန်မက်ကိန်း ဘယ်လိုလူလဲ ၊ ဘာလာလုပ်မှာလဲ

ဂျွန်မက်ကိန်း
အမေရိကန် ပြည်ထောင်စု ရီပတ်ဘလီကန် ပါတီရဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ လာမယ့် ဇွန်လ ၁ ရက်ကနေ ၃ ရက် အတွင်း မြန်မာပြည်ကိုလာရောက်မှာဖြစ်ပါတယ် ။ ဂျွန်မက်ကိန်းဟာ ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အိုဘားမား (Barack Obama) နဲ့ ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်ပါတယ် ။ ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပထမတစ်ကြိမ် ရောက်ဖူးသလို ဒီတကြိမ်ဟာ သူ့ရဲ့ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။သူဟာ ဗီယက်နမ်စစ်ပြန်ဟောင်း တစ်ဦးလည်းဖြစ်ပါတယ် ။

ယခုအခါသူဟာ ထိုင်းနိုင်ငံကိုရောက်ရှိနေပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝပ်ချာချီဝ နဲ့ ယမန်နေ့ကတွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ် ။ ဒီကနေ့မှာတော့ မက်ကိန်းဟာ မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ဒီနေရာတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကလေးကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှာ သတင်းတစ်ပတ်ကျော် နေထိုင်ကာ မြန်မာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ အပါအ၀င် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပါတွေ့ဆုံခဲ့တဲ့နေရာဖြစ်ပါတယ် ။

ဖုန်းတစ်လုံးမှ တစ်လုံးသို့ ကျပ်တစ်သိန်း အထိ ငွေလွှဲနိုင်

 
မိုဘိုင်းဖုန်း တစ်လုံး မှ အခြား မိုဘိုင်းဖုန်း တစ်လုံး သို့ ငွေကျပ် တစ်သိန်း အထိ ငွေလွှဲ နိုင်ကြောင်း မိုဘိုင်းဖုန်း ဆိုင်ရာ ပညာရှင်များ က ပြောသည်။မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ငွေကျပ် ငါးသိန်းဖြင့် အသုံးပြုခွင့် ပေးထားသော မိုဘိုင်းဖုန်း များတွင် ငွေလွှဲေ ပးနိုင်သော စနစ် ပါရှိပြီး မိမိဖုန်း မှ အခြား ဖုန်းတစ်လုံး သို့ ငွေ လွှဲပြောင်း ပေးခြင်း ဖြစ်သည်။ လူကြီးမင်း မိုဘိုင်းဖုန်း ဆိုင်မှ တာဝန် ရှိသူ တစ်ဦးက " ငွေပေးကတ် ကျပ်တစ်သိန်းဖိုး  အထိ လွှဲနိုင်ပါတယ်။ ငွေလွှဲဖို့ နည်းစနစ်တွေ လမ်းညွှန် ပေးထားတယ်။ အဲဒီ အတိုင်း လိုက် လုပ်ရုံပဲ။ တကယ်လို့ အဆင်မပြေရင် အော်ပရေတာကို မေးမြန်းနိုင် ပါတယ်" ဟု ပြောပြသည်။ 

ငွေဖြည့်ကတ် အား အခြား ဖုန်းတစ်လုံး သို့ မိမိဖုန်း မှ လွှဲတော့မည် ဆိုပါက ရှေးဦးစွာ ၁၆၆ အား နှိပ်၍ Call အား နှိပ်ရမည် ဖြစ်ကြောင်း၊ ၎င်း နောက် ဘာသာစကား ရွေးချယ်ရမည် ဖြစ်ပြီး ငွေဖြည့်ရန် ၁ ကို နှိပ်ရမည် ဖြစ်ကာ အခြား ငွေစာရင်းသို့ ငွေလွှဲရန် ၂ ကို နှိပ်ရမည် ဖြစ်ကြောင်း သိရသည်။ ငွေဖြည့်ရန် ဖုန်းနံပါတ်ကို ဖြည့်သွင်းရာတွင် ဂဏန်း အားလုံး၏ ရှေ့ ၌  ၉ ဂဏန်း တစ်လုံးတည်း ခံကာ ငွေဖြည့်သွင်း ပေးမည့် ဖုန်းနံပါတ်အား ဖြည့်သွင်း ပေးရမည် ဖြစ်ကြောင်း သိရသည်။ 

Monday, May 30, 2011

ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ

 
ဆာဘီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရသူ ဗိုလ်ချုပ်ကြီးဟောင်း ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်ကြတဲ့ ဘဲလ်ဂရိတ် (Belgrade) မြို့တော်က ဆန္ဒပြပွဲ အဆုံးသတ်ချိန်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြ ပြည်သူတွေက ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေကလည်းအကြမ်းဖက် နှိမ်နင်းခဲ့တယ်လို့ သိရပါတယ်။

 
မလာဒစ်ရှ်ကို ဖမ်းတဲ့အတွက် ဆန့်ကျင် ဆန္ဒပြကြဖို့ ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်တဲ့ ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ဆော်သြထားတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲ အပြီးမှာခုထိုထိပ်တိုက် တွေ့ဆုံခဲ့တာဖြစ်ပြီး အနည်းဆုံး အယောက် ၇၀ အဖမ်းခံရသလို ၁၂ ယောက်လောက် ဒဏ်ရာရသွားကြပြီး တချို့လည်း တော်တော်လေး အခြေအနေ ဆိုးတယ်လို့ ဆာဘီးယား ရုပ်သံသတင်းက ထုတ်လွှင့်သွားပါတယ်။ မျက်မြင်သက်သေတွေကတော့ ဖမ်းဆီးမှုဟာ ဒီထက်အများကြီးပိုနိုင်တယ်လို့ ပြောကြပါတယ် ။

တစ်ဆင့်တက်သွားတဲ့ တရုတ်မြန်မာဆက်ဆံရေး

 
သမ္မတ ဦးသိန်းစိန်ဟာ ရာထူး လက်ခံပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထူးခြားတာ ကတော့ တရုတ်-မြန်မာ ဆက်ဆံရေးကို အရင်က ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ သတ်မှတ် ပြောဆိုရာကနေ အခု အကြိမ်မှာတော့ ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေး ( Strategic Patnership) အဖြစ် သတ်မှတ် ပြောဆိုလာခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ပူးတွဲ ကြေညာချက်ကို အပြည့်အစုံ ကူးယူ ဖော်ပြလိုက်ပါတယ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့ အကြား ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ထူထောင်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မနိုင်ငံ သမ္မတ မစ္စတာ ဟူကျင်ထောင်း၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပါသည်။
ခရီးစဉ် အတွင်း သမ္မတ ဟူကျင်ထောင်းနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာချင့်လင်တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်ဖက်မှ နှစ်နိုင်ငံ ဆက်ဆံရေး အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များ စပ်လျဉ်း၍ ခင်မင် ရင်းနှီးစွာဖြင့် အသေးစိတ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြ ပါသည်။

Saturday, May 28, 2011

" ခင်ဗျားနောက်တစ်ခေါက်လာရင် ကျွန်တော့်ကို ဒီယူနီ ဖေါင်းနဲ့ တွေ့ရတော့မှာ မဟုတ်ဘူး" ဟု ဘန်ကီမွန်းအား ဗိုလ်ချုပ်မှူးကြီး ပြောဆိုခဲ့

တာဝန်အသီးသီးမှ အနားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


" ခင်ဗျားနောက်တစ်ခေါက်လာရင် ကျွန်တော့်ကိုဒီယူနီဖေါင်းနဲ့ တွေ့ရတော့မှာမဟုတ်ဘူး" ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားခဲ့ကြောင်း သိရှိရပါသည် ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သည့် ခရီးစဉ်တွင် ဗိုလ်ချူပ်မှူး ကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး က ထိုသို့ပြောကြားခဲ့တာဖြစ်ကြောင်း ၊ ထိုသို့ပြောကြားစဉ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar)လည်း အနားမှာရှိနေကြောင်း ၊ ပြည်ခိုင်ဖြိုး ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် ပေါ်ပြူလာ နယူးစ် မှာ ဖေါ်ပြထားပါတယ် ။

ဘင်လာဒင်သေဆုံးမှု ရုရှားသမ္မတ သံသယရှိဟန်တူ


 ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်အနေဖြင့် မေလ ၁၈ ရက် တွင် ယခုလအတွင်းက ပါကစ္စတန်တွင် အယ်လ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်အား အမေရိကန် အထူးတပ်ဖွဲ့က သတ်ဖြတ်သော ကြောင့် သေဆုံးခဲ့သည်ဆိုခြင်းနှင့် ပတ်သက်သည့် ၀ါရှင်တန်၏ ပြော ကြားချက်အား သံသယဖြစ်နေသည်ဟု ယူဆဖွယ်ရှိသည်။

အစိုးရပိုင် ချန်နယ်ဝမ်း ရုပ်သံအစီအစဉ်မှ သတင်းထောက်တစ်ဦးအား မက်ဗီဒက်ဗ်က ၎င်းတို့၏ယမန်နေ့က ပြုလုပ်သော လူတွေ့မေးမြန်းခန်း တစ်ခု၌ စီအိုင်အေ အေးဂျင့်ဖြစ်ခဲ့ဖူးသည် ဟုဆိုသော တူရကီနိုင်ငံသား တစ်ဦးနှင့် တွေ့ဆုံခန်းအကြောင်းကို မေးမြန်းခဲ့သည်။

အဆိုပါ တူရကီနိုင်ငံသားက ဘင်လာဒင်သည် ၂၀၀၆ခုနှစ်တွင် သဘာဝ အတိုင်းဖြစ်ပေါ်သည့် ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန် ရေတပ်၏ SEAL အထူးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်း ဖက်မှု ဉာဏ်ကြီးရှင် ဘင်လာဒင်၏သင်္ချိုင်း ကိုတွေ့ရှိပြီးဖွင့်လှစ်နိုင်ခဲ့ခြင်း မျှသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီနေ့ အင်တာနက်မှာ ခင်ဗျား တခြားနိုင်ငံသားတစ်ဦးနဲ့ အင်တာဗျူး ကလေးတစ်ခုလုပ်တာ တွေ့လိုက်ပါ တယ်။ အဲဒီလူက ဘင်လာဒင်နဲ့ ပတ်သက်ပြီး တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတစ်ခု ကို ပြောသွားပါတယ်။ သူပြောတဲ့အတိုင်း အမှန်ပဲလား"ဟု မက်ဗီဒက်ဗ် က ခပ်တည်တည်ဖြင့် မေးမြန်းခဲ့သည်။ "သူ့အဆိုအရပြောရရင်တော့ ဟုတ် တယ်လို့ဆိုရမှာပေါ့ဗျာ"ဟု အဆိုပါ ရုပ်သံအစီအစဉ်မှ သတင်းထောက်က ပြန်ပြောခဲ့သည်။

"ဒီအတိုင်းသာဆိုရင် ဒီသတင်းနဲ့ ပတ်သက်ပြီး အမေရိကန်တွေ တော်တော် ဂရုစိုက်ပြီး နားစွင့်ကြပါ လိမ့်မယ်"ဟု မက်ဗီဒက်ဗ်က မှတ်ချက်ချလိုက်သည်။ထို့နောက်တွင် အဆိုပါသတင်းထောက်ကတခြား အဆက်အစပ်မရှိသော ပြဿနာတစ်ခုကို မက်ဗီဒက်ဗ်အား ဆက်လက် မေးမြန်းလိုက်ပြီး အထက်ဖော်ပြပါ အဖြစ်အပျက် အကြောင်းကို ရုရှားအစိုးရပိုင် တခြား မီဒီယာများကလည်း ဆက်လက် ဖော်ပြခြင်း မပြုခဲ့ကြပေ။

အလုပ်ရှာလိုသူများအတွက် ၀က်ဘ်ဆိုဒ်သစ်တစ်ခု



အလုပ်ရှာလိုသူများ ကိုယ်တိုင် မိမိလုပ်ကိုင်လိုသည့် အလုပ်နှင့် ကိုယ်ရေးအကျဉ်းများအား တင်ထားနိုင် သည့် www.myanmarjobsearch. com   ၀က်ဘ်ဆိုက်သစ်အား မေလ ၂၀ ရက်နေ့၌ စတင်လွှင့်တင်ခဲ့သည် ဟု Media Laneမှ သိရသည်။

အဆိုပါဝက်ဘ်ဆိုက်တွင် အလုပ်ရှာလိုသူဘက်မှ ၀က်ဘ်ဆိုက်တွင်း ၀င်ရောက်၍ register ပြုလုပ်ပြီး မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင်နှင့် ကိုယ်ရေးအကျဉ်းအား အခမဲ့ တင်ထားနိုင်သည်ဟု သိရသည်။

“ ဒီ myanmarjobsearch ၀က်ဘ်ဆိုက်ကို မေလ ၂၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ The 7th ICT Exhibition  ပွဲနေ့မှာ စလွှင့်ခဲ့တာပါ။ ဒီ ဆိုက်က အလုပ်ရှာချင်တဲ့သူတွေ ဘက်ကပဲ ၀င်တင်လို့ရတဲ့ဆိုက်ပါ။ အလုပ်ရှင်ဘက်က ၀င်တင်လို့ မရပါဘူး။ အလုပ်ရှာချင်တဲ့သူက ၀က်ဘ်ဆိုက်ထဲဝင်ပြီး register  ၀င်လုပ်ရပါ မယ်။ ပြီးမှကိုယ်လိုအပ်တဲ့ position နဲ့ ကိုယ်ရေးအကျဉ်းကို ၀င်တင်ထားရမှာပါ။ အလုပ်ရှင်ဘက်ကလည်း သူလိုအပ်တဲ့ အရည်အချင်းရှိသူကို စိတ်ကြိုက်ဝင်ရှာနိုင်ပါတယ်။ အလုပ်ရှာချင်တဲ့ ဘယ်သူမဆို register  လုပ်ပြီး အခမဲ့ဝင်တင်ထားလို့ ရပါတယ်။ အလုပ်ရှင်ဘက်ကတော့ သူလိုချင်တဲ့သူတွေ့လို့ အင်တာဗျူး ချင်တယ်ဆိုရင်တော့ Media Lane ကို ဆက်သွယ်အကြောင်းကြား ပေးရမှာပါ။ လောလောဆယ်မှာ အလုပ်ရှင် ဘက်ကိုလည်း အခမဲ့စီစဉ်ပေးထားပါတယ်ဓဟု Media Lane မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

Friday, May 27, 2011

သမ္မတဦးသိန်းစိန် တရုတ်သမ္မတ မစ္စတာ ဟူကျင်တောင် ၊ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကျားပေါင်တို့နှင့် သီးခြားစီတွေ့ဆုံ

 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ၃ရက်ကြာချစ်ကြည်ရေးခရီး ရောက်ရှိနေရာ ဒီနေ့မှာ တရုတ်သမ္မတကြီး မစ္စတာ ဟူကျင်းတောင် ၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ် ။




တရုတ်သမ္မတ ဟူကျင်တောင်းကလည်း မြန်မာသမ္မတသစ် ဦးသိန်းစိန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ပြီး ရွေးကောက်ပွဲအပြီး သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံရမှုကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး
ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား နားလည်မှု တိုးမြှင့်ရေးနဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ၂၁ ရာစုနှစ်အတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့လည်း တရုတ်သမ္မတက ပြောဆိုခဲ့ကြောင်းသိရပါတယ် ။

မြန်မာ့နိုင်ငံရေး အရွေ့များ

မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှ State of the Union လို့ဆိုရမယ့် မူဝါဒများကို ရှင်းပြပြီးတဲ့ နောက်မှာ သမ္မသစ် အနေနဲ့ မိန့်ခွန်းပါ မူဝါဒတွေကို ဘယ်လို အကောင် အထည် ဖော်မလဲဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ကြပါတယ်။ တစ်ချို့ကတော့ မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှုကို အမေရိကန် နိုင်ငံရေး လောကရဲ့ စကားလုံး ရက်ပေါင်း တစ်ရာနဲ့ တိုင်းတာဖို့ ကြိုးစားတာလည်း တွေ့ရပါတယ်။ ( ရက်ပေါင်း တစ်ရာ အယူအဆနဲ့ ပတ်သက်ပြီး သီးခြား ရေးပါ့မယ်။ )
ဘာပဲဖြစ်ဖြစ် သမ္မတက သူ့မိန့်ခွန်းမှာ ပြည်တွင်းရေးရာ မူဝါဒအဖြစ် အပြောင်းအလဲ လုပ်မယ့် ဆယ်ချက်ကို ပြောသွားပါတယ်။ ဒီတော့ အစိုးရသစ် အနေနဲ့ ဘယ်လောက် စလုပ်နေပြီလဲဆိုတာ မှတ်ကျောက်တင်ဖို့ဆိုရင် မိန့်ခွန်းပါ ကဏ္ဍများကို အကောင် အထည်ဖော်မှုနဲ့ပဲ တိုင်းတာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်္ကြန် ရုံးပိတ်ရက်လွန် ကာလများကနေ မေလ တတိယ ပတ်အထိ တစ်လတာ ကာလအတွင်း ဘာတွေ ဖြစ်လာသလဲ ကြည့်ရအောင်
ဆင်းရဲနွမ်းပါးမှု လျော့ကျရေး
သမ္မတက သူ့မိန့်ခွန်းမှာ ဈေးကွက် စီးပွားရေးစနစ် ထူထောင်ရာမှာ ဆင်းရဲချမ်းသာ ကွာဟမှု လျော့ကျရေး၊ မြို့ပြနဲ့ ကျေးလက် လူနေမှုအဆင့် ကွာဟချက် လျှော့ချရေးတို့ကို စဉ်းစားပြီး သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ထူထောင်မယ်လို့ ဆိုခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးမှုဆိုတဲ့ စကားဟာ နအဖ လက်ထက်မှာ ၀န်ကြီး အဆင့်ကတောင် အသိအမှတ်ပြု သုံးစွဲတာ မရှိပါဘူး။ အခု အချိန်မှာတော့ နိုင်ငံခေါင်းဆောင်က ဒီပြဿနာကို အသိအမှတ်ပြုရုံမက ဖြေရှင်းဖို့ ပြောခဲ့တာဟာလည်း သိသာ ထင်ရှားတဲ့ တိုးတက်မှု ဖြစ်ပါတယ်။

Thursday, May 26, 2011

သမ္မတ ဦးသိန်းစိန် တရုတ်ချစ်ကြည်ရေးခရီးစတင်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဟူကျင်တောင်၏ ဖိတ်ကြားချက်အရ   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာချစ်ကြည်ရေး ခရီးစဉ်ကို ဒီနေ့မှာစတင် လိုက်ကြောင်းသတင်းရရှိပါတယ် ။ ခရီးစဉ်ဟာ  နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာလာစေရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကြောင်းလည်းသိရပါတယ် ။

 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာသွားရာ ဒုသမ္မတများဖြစ်ကြတဲ့ ဦးတင်အောင်မြင့်ဦး ၊ ဒေါက်တာစိုင်းမောက်ခမ်း နဲ့ တာဝန်ရှိသူများက လိုက်ပါပို့ ဆောင်ခဲ့ပြီး သမ္မတကြီးနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အပြင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများပါ လိုက်ပါသွားကြောင်းလည်း သတင်းရရှိပါတယ် ။

မင်းသားခေါင်းဆောင်းထားသောဘီလူးများ နှင့် အိုင်ဗရီကို့စ် နိုင်ငံ၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ

 
အိုင်ဗရီကို့နိုင်ငံမှာ သမ္မတဟောင်း လောရင့်ဂက်ဘိုနဲ့ အခု သမ္မတ တို့ကြား ရွေးကောက်ပွဲအပြီး ကာလ အပြင်းအထန်ပြိုင်ဆိုင်ကြ ကာလအတွင်းမှာ ကုလသမဂ္ဂအမည်ခံ ပြင်သစ်တပ်တွေဟာ အတိုက်အခံတွေ ဘက်က ပြောင်ကျကျ ပါဝင်ခဲ့ပြီး နောက်ဆုံးသမ္မတ ဟောင်း လော့ရင့်ဂက်ဘိုကို သမ္မတ အိမ်တော်ထဲမှာဝင်ဖမ်းတဲ့အထိ ပါဝင် ပတ်သက်ခဲ့ပါတယ် ။ ဒီလိုလုပ်ဆောင်နိုင်အောင်လဲ အမေရိကန်နဲ့ ကုလသမဂ္ဂ က တဖက်သတ်ထောက်ခံခဲ့ကြပါတယ် ။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြင်သစ်တပ်တွေ အိုင်ဗရီကို့မှာ အင်အား တိုးချထားဘို့ ခွင့်ပြုခဲ့သလို ကုလ အမည်ခံပြင်သစ်တပ်တွေက သမ္မတ အိမ်တော်ကို စစ်ရဟတ်ယာဉ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တာကို ထောက်ခံကြောင်း တရားဝင် ကြေငြာခဲ့ပါတယ် ။

ဒါ့အပြင် အတိုက်ခံ ပြည်သူတွေ ၊ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင် အချို့ကို အင်အားကြီးမားတဲ့ တပ်ကြီးဖြစ်လာအောင် နောက်ကွယ်ကနေ လက်နက် တပ်ဆင်ပေးပြီး အင်အားကြီးထွားလာအောင်လုပ်ကာ အိမ်ကြက်ချင်း ခွပ်ခိုင်းခဲ့ပါတယ် ၊ နောက်ဆုံးမှာတော့ အမေရိကန် နဲ့ နေတိုးစစ်အုပ်စုက ထောက်ခံတဲ့  အတိုက်အခံ ခေါင်းဆောင် အလက်ဆန်းဝါတရာ Alassane Ouattara အနိုင်ရပြီး တဲ့အခါမှပဲ ကျေနပ်သွားကြပါတော့တယ် ။

Wednesday, May 25, 2011

ကြေညာချက် နောက်ကွယ်က ဇာတ်လမ်းတစ်ပုဒ်

အောင်ထက်
မေလ ၂၅ ရက်နေ့က အင်တာနက်ပေါ်မှာ ဒီချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ထုတ်တဲ့ ကြေညာချက် ၉/ ၅/ ၁၁ ကို တွေ့လိုက်ရတယ်။ တကယ်တော့ ဒီကြေညာချက် ဘယ်တော့ လူထုကြားထဲ ရောက်မလဲ ဆိုတာ စောင့်နေခဲ့တာပါ။ ကြေညာချက် အကြောင်းနဲ့ နောက်ကွယ်က အဖြစ်တွေကို သိပေမယ့် လက်ဆုပ် လက်ကိုင် ကြေညာချက်ကို ပြစရာ မရှိတာကြောင့် စောင့်နေခဲ့တာပါ။ နောက်ပြီး ဒီကြေညာချက်ဟာ မထုတ်ချင် ထုတ်ချင်နဲ့ ထုတ်ရတာ ဖြစ်တော့ အရင်ကလို တစ်စောင် နှစ်ရာနဲ့ ရောင်းတာလည်း မရှိဘူးလေ။ အခုတော့ ဒီကြေညာချက် အင်တာနက်ပေါ် ရောက်လာပြီ ဆိုတော့ ကြေညာချက် ဖြစ်လာရတဲ့ နောက်ကြောင်းလေး ရှင်းပြချင်တယ်။
ဖေဖော်ဝါရီလ ၂၆၊ ၂၇ ရက်နေ့တွေမှာ ဒေါ်စု ဦးစီးပြီး စီအီးစီ အစည်းအဝေး ထိုင်တယ်။ ရည်ရွယ်ချက် ကတော့ မေ ၁ အလုပ်သမားနေ့ အခမ်းအနား အတွက် ကြေညာချက် ထုတ်ဖို့ပဲ။ အဲဒီ အစည်းအဝေးမှာ ဦးဝင်းတင်က အခုလုပ်နေတဲ့ ကွန်ယက် လှုပ်ရှားမှုတွေဟာ လူငယ်တွေကိုပဲ အခြေပြုပြီး လုပ်နေတာ ဖြစ်တယ်။ လူငယ် ဆိုတာတောင်မှ ပညာတတ် လူငယ်တွေ ဖြစ်နေတယ်။ ပညာတတ် လူငယ်တွေဟာ တက်ကြွတာ မှန်ပေမယ့် ပြတ်သားမှု မရှိဘူး၊ တွေဝေတယ်။ ဒါ့ကြောင့် အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ နောက်တွန့် နေတယ်။ တကယ်ရဲရဲ ရင်ဆိုင်မှာက အလုပ်သမား၊ အခြေခံ လူတန်းစား၊ ပညာမဲ့များ ဖြစ်တယ်။ ဒါ့ကြောင့် အလုပ်သမား လူငယ်တွေကို စည်းရုံး ရမယ် ဆိုပြီး တော်လှန်ရေးတွေဟာ အလုပ်သမား လူတန်းစားက ဦးဆောင်လို့သာ အောင်မြင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ လက်ဝဲသမိုင်း သင်ခန်းစာကို ရှင်းပြပါတယ်။ နောက်ဆုံးမှာတော့ ကြေညာချက် ထုတ်တဲ့အခါ ခါတိုင်း ရေးနေကြ စာသားတွေ အပြင် ဒီချုပ်အနေနဲ့ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ပြီး အလုပ်သမား အခွင့်အရေးကို ကာကွယ် သွားမယ် ဆိုတဲ့ အချက်ကို ထည့်ပြီး ဖော်ပြဖို့ တောင်းဆို သွားတယ်။
ဦးဝင်းတင်ရဲ့ တင်ပြချက် အတော် များများကို သဘောတူလေ့ ရှိတဲ့ ဒေါ်စုက ဒီအချက်ကိုတော့ သဘောမတူဘူး။ ဒေါ်စုက အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးကို လုပ်ရင် အစိုးရနဲ့ ထိပ်တိုက် တွေ့လိမ့်မယ်။ အဲဒါဆိုရင် လတ်တလော ဒီချုပ် လှုပ်ရှားမှုတွေကို အလိုက်သင့် လွှတ်ထားရာကနေ ဥပဒေအရ ဖျက်သိမ်းတာတွေ ဖြစ်လာလိမ့်မယ်။ နောက်ပြီး သူ့အနေနဲ့ အလုပ်သမား သမဂ္ဂတွေကို နိုင်ငံရေး ပါတီတွေက အုပ်စီးလိုက်လို့ အလုပ်သမား အချင်းချင်း ကွဲပြဲတာလည်း မကြိုက်ဘူး ဆိုပြီး ဖဆပလခေတ်က ကိစ္စတွေကို ထောက်ပြတယ်။ ဒါ့ကြောင့် ဒီစာသားကို မထည့်သင့်ဘူးလို့ ပယ်ချလိုက်တယ်။

Tuesday, May 24, 2011

ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် အရေးတကြီး လိုနေပါတယ်

မောင်ဝံသ
(၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )
'အစိုးရ အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး တာဝန်ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်' လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ ရာထူး လက်ခံပြီး ဒုတိယနေ့ (မတ် ၃၁) မှာ ထပ်မံ ပြောကြား လိုက်တယ်ဗျ။
ပထမ အရေးကြီးဆုံးကို ပြောပြီး ဒုတိယ လုပ်ငန်းစဉ်ကို ပြောရာမှာ 'အစိုးရ အဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ် ကတော့ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားလာရေးပဲ ဖြစ်ပါတယ်' ပြောကြား သွားတယ်ဗျာ။
ဆက်လက်ပြီးတော့ 'နောက်ထပ် အလေးထား လုပ်ဆောင်ရမယ့် လုပ်ငန်း တစ်ခုကတော့ တရား ဥပဒေ စိုးမိုးရေး ဖြစ်ပါတယ်' လို့ ပြောသွားတယ်ဗျ။
အဓိက အရေးကြီး အချက် သုံးချက် အဖြစ် -
၁။ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာဖို့၊
၂။ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားလာဖို့၊
၃။ တရားဥပဒေ စိုးမိုးရေးကို အလေးထား လုပ်ဆောင်ဖို့ အစိုးရ အဖွဲ့သစ်က ဦးစားပေး ဆောင်ရွက်မယ်လို့ နားလည် ရတယ်ဗျာ။
သည်အချက်တွေဟာ မဖြစ်မနေ အကောင်အထည်ဖော် သွားရမယ့် တိုင်းပြည် ကောင်းရာ ကောင်းကြောင်း ဦးတည်ချက်များ ဖြစ်လို့ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။
ဘယ်လိုတွေ လုပ်မလဲ ဘယ်လောက် ခက်ခဲမလဲ
နိုင်ငံရေး သမားများနဲ့ ကျွန်တော်တို့လို သတင်း မီဒီယာသမား များကလည်း သည်အချက်တွေနဲ့ ပတ်သက်လို့ ထင်မြင်ချက် မေးလာ မြန်းလာကြရင် 'ခုလို ပြောသွား ဆိုသွားတာတွေ ကတော့ ကြိုဆိုရမှာတွေ ချည်းပါပဲ။ လက်တွေ့ ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာကို စောင့်ကြည့်ကြရ ပါဦးမယ်' လို့ပဲ မယုတ်မလွန် ဖြေလေ့ရှိပါတယ်။
မှန်ပါတယ်။ ဘာတွေ လုပ်မလဲ ဆိုတာကိုတော့ ကြားရပြီ။ ဘယ်လိုတွေ လုပ်မလဲ ဆိုတာက ပို စိတ်ဝင်စားစရာ ကောင်းနေတယ် မဟုတ်လားဗျာ။

Monday, May 23, 2011

ပါကစ္စတန် လေတပ်စခန်းအား တာလီဘန်တို့ တိုက်ခိုက် ၉ဦးသေဆုံး ၊ စစ်လေယာဉ်အများအပြားပျက်စီး


ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုကို လက်နက်ကိုင်များ က တနင်္ဂနွေနေ့ည ၁၀း ၃၀ မှာတိုင်ခိုက်ခဲ့ရာ စစ်သည် ၃ဦးအပါအ၀င် အနည်းဆုံး ၉ ဦးသေဆုံးခဲ့ကြောင်း အူရဒူဘာသာနဲ့ထုတ်လွှင့်တဲ့ ARY ရုပ်သံထုတ်လွှင့်မှုကိုကိုးကားပြီး အစ္စလမ်မာဘတ်က လာတဲ့ ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ် ။

ဒီတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံလုပ် P.3.C Orion လေယာဉ်များအပါအ၀င် အခြား စစ်လေယာဉ်အများအပြားလဲ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ် ။



P.3.C Orion ဆိုတာဒီလိုလေယာဉ်မျိုးပါ 


အစောပိုင်းရရှိတဲ့သတင်းတွေမှာတော့ ဒီတိုက်ခိုက်မှုမှာ နိုင်ငံခြားသား ၄ ဦးသေဆုံးကြောင်း ၄င်းတို့မှာ အမေရိကန်လူမျိုး အင်ဂျင်နီယာများဖြစ်ကြောင်းဖေါ်ပြခဲ့ကြပေမဲ့ အမေရိကန်သံရုံးပြောခွင့်ရသူကတော့ ဒီသတင်းကို ငြင်းဆိုသွားပါတယ် ။

Sunday, May 22, 2011

လက်ကိုင်ဖုန်းသေနတ် ပေါ်ပေါက်နေသဖြင့် တင်းကြပ်စွာစစ်ဆေးနေ

 
လက်ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက်နေသဖြင့် လေဆိပ်နှင့် သင်္ဘောဆိပ်များတွင် စနစ်တကျ စစ်ဆေး အရေးယူ ဆောင်ရွက်သွား ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်းသိရ သည်။ ပြီးခဲ့သည့် ဧပြီလမှစ၍ လက် ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်း သတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ် တကျရှာဖွေစစ်ဆေးရန်လေကြောင်း  ဦးစီး ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။



”ပြည်ပ အဝင် အ ထွက်တွေက  ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့ လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်း မိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။ နည်းပညာရော ပစ္စည်းပါ တိုးတက်လာ တဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန် စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက် မလာနိုင်ပါဘူး”ဟု လေဆိပ်ရှိ စစ် ဆေးရေးအရာရှိတစ်ဦး ကဆိုသည်။

CIA စပိုင် ၃၀ ဦး အီရန်ထောက်လှမ်းရေး ဖမ်းဆီးဖေါ်ထုတ်

Iran's Intelligence Minister Heydar Moslehi speaks with journalists in Tehran May 21, 2011.
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ ( CIA ) ၏ထောက်လှမ်းရေး ကွန်ယက်ကြီးတစ်ခုကို စုံစမ်းဖေါ်ထုတ် ဖြိုခွင်းနိုင်ခဲ့ကြောင်း နဲ့ ဆက်စပ်ပတ်သက်နေသူ ၃၀ ဦးကိုဖမ်းဆီးခဲ့ကြောင်း အီရန်ထောက်လှမ်းရေးဌာနကစနေနေ့မှာ  ကြေငြာခဲ့ကြောင်းသတင်းရရှိ ပါတယ် ။

ဖမ်းဆီးခဲ့တဲ့ စပိုင် ၃၀ ဦးဟာ အမေရိကန် စီအိုင်အေ ကွန်ယက် ၄၂ ခုနဲ့ ဆက်စပ်ပြီး သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေကို အခိုင်အမာတွေ့ခဲ့ရတယ်လို့ အီရန် ထောက်လှမ်းရေးဌာန ကပြောပါတယ် ။

ထောက်လှမ်းရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် က ဆက်လက်ပြောကြားရာမှာ အမေရိကန်နဲ့ ဆက်စပ်နေတဲ့ သူလျှိုတွေဟာ အီရန်လူမျိုးတွေ အထူးစိတ်ဝင်စားတဲ့အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းတွေ ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ အေဂျင်စီတွေ ၊ အမေရိကန် ပြည်ဝင်ခွင့်ရရှိရေး အကျိုးဆောင်လုပ်ငန်းတွေမှာ မြှုတ်နှံပြီး သူလျှိုလုပ်ငန်းတွေကို လုပ်ဆောင်နေ တာဖြစ်ကြောင်း ပြောကြားသွားပါတယ် ။

သတိနှင့်စောင့်ကြည့်ရမည့် ဒေါ်စုကြည်၏ ခြေလှမ်းများ

 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သုံးရက်ကြာ ဒီခရီးစဉ် အတွင်းမှာဒေါ်စုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဖြစ်ပြီး  သူဟာမေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်စုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပြန်ပါတယ် ။

ဒီတွေ့ဆုံမှုတွေအတွင်းမှာ ဘာတွေပြောခဲ့တယ် တိုင်ပင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး NLD အကြောင်းအနီးကပ်လေ့လာနေတဲ့  Voice Of Myanmar ၏သတင်းထောက်တစ်ဦး ပေးပို့ လာသောသတင်းပေးပို့ချက်၏ ကောက်နှုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

Saturday, May 21, 2011

အာဖဂန်စစ်ဆေးရုံတစ်ခုကို တာလီဘန်တို့အသေခံဗုံးခွဲ ၆ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ

 
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် (Kabul) က စစ်ဆေးရုံ တခုမှာ ဒီကနေ့ (မေလ ၂၁ )နေ့ဒေသစံတော်ချိန် ၁၂ နာရီ ၁၀ မိနစ် မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ခဲ့ပြီး ဆေးကျောင်းသား ၆ ဦးထက်မနည်း သေဆုံးကာ ၂၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဖဂန် ကာကွယ်ရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။
 
 မိုဟာမက် ဒုခန် (Mohammad Daud Khan) ဆေးရုံက စားသောက်ဆိုင်အဖြစ် အသုံးပြုထားတဲ့ အဆောက်ဦတစ်ခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်ခဲ့ဖြစ်ပြီး တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ဆေးရုံအတွင်းကို အသေခံတိုက်ခိုက်ရေးသမား ၂ဦးဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်ဦးက အခုလို အသေခံတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကြေငြာပါတယ် ။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ဆေးရုံအနီးတစ်ဝိုက်ကို အာဖဂန် စစ်တပ်က လုံခြုံရေးချထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ် ။

သမ္မတ ကိုယ်တိုင်တက်ရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ

ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောပြီးတဲ့နောက် သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆိုင်တဲ့ ပြုပြင် ပြောင်းလဲမှုများ လုပ်ဖို့ ပထမခြေလှမ်း အဖြစ် နေပြည်တော်မှာ ကျင်းပတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ထူးခြားချက် ကတော့ သမ္မတ ဦးသိန်းစိန်ဟာ အလုပ်ရုံ ဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်း ( Key Note Speech ) ပေးရုံတင် မဟုတ်ဘဲ ပညာရှင်များရဲ့ ဆွေးနွေးမှုများကိုပါ အစအဆုံး တက်ရောက် နားထောင် သွားတာပါဘဲ။ ဆွေးနွေးပွဲဟာ နေ့လည် တစ်နာရီကနေ ညနေ ခုနှစ်နာရီကျော် အထိ ကြာတဲ့ မာရသွန် ဆွေးနွေးပွဲ ဖြစ်ပြီး ပါဝင်တဲ့သူတွေရဲ့ အပြောကတော့ အတော် ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆွေးနွေးပွဲမျိုးကို သမ္မတတစ်ဦးက တက်ရောက် နားထောင်ခဲ့တယ် ဆိုတာဟာ အင်မတန်မှ သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
အစိုးရသတင်းစာမှာ ဖော်ပြထားတဲ့ သမ္မတရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတက စီးပွားရေး အဆောက် အအုံကြီး တစ်ခုလုံး ပြောင်းလဲ တိုးတက်ဖို့ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒ၊ ရင်းနှီးမြှပ်နှံမှု မူဝါဒတွေကို အခြေခံကျကျ လေ့လာ သုံးသပ်ပြီး နိုင်ငံတော်နဲ့ ပြည်သူတို့ အတွက် ပြုပြင်သင့်တဲ့ ဥပဒေ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းတွေကို ပြုပြင်သွားမှာ ဖြစ်ကြောင်း၊ အဲဒီလို ပြုပြင်နိုင်ဖို့ အတွက် မကြာမီကာလမှာ စီးပွားရေး ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနဲ့ ဆွေးနွေး အကြံဉာဏ် ရယူဖို့ ရှိကြောင်း၊ အခု ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာလည်း အရေးကြီးကြောင်း ပြောသွားပါတယ်။

တာလီဘန်တို့ တိုက်ခိုက်မှုကိုအရှိန်မြှင့် NATO၏ စက်သုံးဆီယာဉ်တန်းကိုတိုက်ခိုက်၊ ၁၁ ဦးသေဆုံး



NATO ရဲ့စက်သုံးဆီသယ် ယာဉ်တန်းများကို မေလ ၂၁ ရက်နေ့မှာ  ၂ နေရာခွဲပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ အစ္စလမ်မာဘတ်ကလာတဲ့ သတင်းတစ်ရပ်အရ သိရှိရပါတယ် ။




ပါကစ္စတန်ရှိ တာလီဘန်တို့ကအမေရိကန်နဲ့ နေတိုးပစ်မှတ်တွေကို အရှိန်မြှင့် တိုက်ခိုက်သွား မှာဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ဆက်တိုက်ဆိုသလို ခုလိုတိုက်ခိုက်မှုတွေ ဖြစ်လာတာလည်းဖြစ်ပါတယ် ။ဒါပေမယ့် အခုတိုက်ခိုက်မှုဟာ မည်သူမည်ဝါတို့၏ လက်ချက်ကြောင့်ဆိုသည်ကိုမူ ခုသတင်းရေးသားချိန်ထိ အတည်မပြုနိုင်သေးကြောင်းသိရပါတယ် ။

ဘင်လာဒင်အတွက် တာလီဘန်တို့ လက်စားချေကြပြန် အမေရိကန်ကောင်စစ်ဝန်ကား ၂ စီးအားဗုံးခွဲတိုက်ခိုက်


ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့၌ အမေရိကန်ကောင်စစ်ဝန်ရုံးမှ ကား၂ စီးကို လမ်းဘေးထောင် ဗုံးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး အမေရိကန်လူမျိုး ၂ ဦးအပါအ၀င် ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ် ။

ပါကစ္စတန်ရှိ တာလီဘန်တို့ကတော့ အခုတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အမေရိကန်နဲ့ နေတိုးပစ်မှတ်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ် ။

ဒေသအာဏာပိုင်များ၏ ပြောဆိုချက်အရ ပါကစ္စတန်လူမျိုး ယာဉ်မောင်း မောင်းနှင်လာတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှ ကားနှစ်စိးကို လမ်းဘေးထောင်ဗုံးဖြင့်တိုက်ခိုက်ခဲ့ တာ ဖြစ်ပြီး မော်တော်ယာဉ်တစ်စီးပျက်စီးကာ ဘေးမှ ဆိုင်ကယ်စီးလာသူ ပါကစ္စတန်လူမျိုး တစ်ဦးသေဆုံး သွားကြောင်း ၁၀ဦးထက်မနည်း ဒဏ်ရာ၇ရှိကြောင်း အတည်ပြုပြောဆိုပါတယ် ။

Friday, May 20, 2011

ဗိုလ်မှူးကြီးကဒါဖီ၏ စစ်ရေယာဉ်များအား နေတိုးလေကြောင်းမှတိုက်ခိုက်

 
လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီရဲ့ ရေတပ်သင်္ဘော ၈ စင်းကို အမေရိကန်ဦးဆောင် တဲ့ နေတိုးစစ်အုပ်စုရဲ့ စစ်လေယာဉ်တွေက သောကြာနေ့မှာ ဗုံးကြဲတိုက်ခိုက် ခဲ့ကြ ကြောင်း ဘရပ်ဆဲက လာတဲ့ ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြလိုက်ပါတယ် ။

လစ်ဗျားအစိုးရတပ်ဖွဲ့တွေ ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်လျှက် ရှိကြောင်းနဲ့ ထရီပိုလီ မြို့ ရှိဆိပ်ကမ်းတွေကို သောကြာနေ့ညမှာတိုက်ခိုက်ခဲ့ကြောင်း လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ စစ်ရေယာဉ် ၈ စင်းကို တိုက်ခိုက်ခဲ့ကြောင်း လစ်ဗျားစစ်ဆင်ရေး ဒုတိယခေါင်းဆောင် ရေတပ် ဗိုလ်ချုပ်ကြီး  Russell Harding ကပြောကြားလိုက်ပါတယ် ။

 သောကြာနေ့အစောပိုင်းကလဲ နေတိုးစစ်လေယာဉ်တွေဟာ လစ်ဗျားထောက်လှမ်းရေး ဌာန အဆောက် အဦ ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သေးကြောင်း သိရှိရပါတယ် ။

နေတိုးစစ်လေယာဉ်တွေဟာ စစ်ဘက်ပစ်မှတ်များအပြင် ထရီပိုလီမြို့ရဲ့ ရေပေးရေးစံနစ်များ ၊ လျှပ်စစ် မီးပေးဝေရေးစံနစ်များ ၊ ကဒါဖီတပ်ဖွဲ့များနေသည်ဟု ယူဆသော အရပ်ဘက်အဆောက်အဦး အမြောက်အများကိုပါ နေ့စဉ်တိုက်ခိုက်နေသဖြင့် အရပ်သား အမြောက်အများသေဆုံးကာ လစ်ဗျား ပြည်သူများ ဟာ စစ်ဘေးဒဏ်သင့် ပြီး စားဝတ်နေရေး အပြင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများအထူးပင်လိုအပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားမယ်ဆိုလို့

မောင်းဆက်
(၂၀၁၁ ခုနှစ် ဧပြီလ (၂၀) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ အစိုးရသစ်ရဲ့ မူဝါဒအပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။)
အစိုးရသစ် တစ်ရပ်တော့ ပေါ်ပေါက် လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၃၀ မတ် ၂၀၁၁ နေ့မှာ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာတယ်။ တစ်ဆက်တည်းပဲ ပြည်ထောင်စု အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း အပါအဝင် အမိန့်နဲ့ ကြေညာချက်တွေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် အနေနဲ့ ထုတ်ပြန်လိုက်ပါတယ်။
နောက်တော့ ၃၁ မတ် ၂၀၁၁ နေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များကို သမ္မတ အိမ်တော်မှာ မိန့်ခွန်း ပြောကြားပါတယ်။
အစိုးရသစ်ရဲ့ သဘောထား၊ မူဝါဒသစ်
အဲဒီမိန့်ခွန်းဟာ အစိုးရသစ်ရဲ့ ပေါ်လစီနဲ့ သဘောထား လမ်းစဉ်ကို ပွဲဦးထွက် ပြောကြားလိုက်တဲ့ သဘောရှိပါတယ်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအတွက် သမ္မတရဲ့ လမ်းညွှန်ချက် ပထမ စာမျက်နှာ ဖြစ်ပါလိမ့်မယ်။ သမ္မတက ခုပြောတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့မှာ ပါဝင်သူတွေ အားလုံး သိရှိထားသင့်တဲ့ သဘောထားများ၊ လိုက်နာသင့်တဲ့ မူဝါဒများကို ရှင်းလင်းပြောကြားတဲ့ အနေနဲ့ ပြောတာပါလို့ နိဒါန်းပျိုးခဲ့ပါတယ်။
တစ်ဆက်တည်းပဲ အဲဒီမိန့်ခွန်းပါ ဆွေးနွေး ရှင်းလင်းချက်များဟာ နိုင်ငံတော်ရဲ့ အနာဂတ် လုပ်ငန်းစဉ်များ အတွက် အရေးကြီးတယ် လို့လည်း သတိပေးလိုက်ပါတယ်။ နိုင်ငံတော် သမ္မတသစ်ရဲ့ လမ်းညွှန်ချက်များကို သမ္မတ ကိုယ်တိုင်ရော၊ အစိုးရ အဖွဲ့ဝင်များရော ဘယ်လောက် ဘယ်လို လိုက်နာ အကောင်အထည် ဖော်ကြသလဲ ဆိုတာကို ပြည်သူလူထုက စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
သမ္မတက ဘာပြောချင်တာလဲ
ကောင်းတဲ့အုပ်ချုပ်မှု စနစ်နဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဝိုင်းဝန်း ကြိုးစားကြရမယ် ဆိုတာက ပထမအချက် ဖြစ်ပါတယ်။ အဲဒီလို ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်တို့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ တို့အတွက် တာဝန်ယူမှု၊ ပွင့်လင်းမှု၊ ဥပဒေနဲ့အညီ ဖြစ်ဖို့ နဲ့အတူ ပြည်သူ့ဆန္ဒ သဘောထားကို အလေးထားမှု၊ အားလုံး ပါဝင်နိုင်မှုတို့ ရှိရမယ်လို့ ဆိုပါတယ်။ အားလုံး ပါဝင်နိုင်မှု ဆိုတာ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး အင်အားစုများ အပါအဝင် ပြည်သူအားလုံးတို့ ပါဝင်ဖို့ လိုပါတယ်။

Thursday, May 19, 2011

ထိုင်းနိုင်ငံ တွင် ရှပ်နီများဆန္ဒပြ



 ထိုင်းနိုင်ငံမှာ ရှေ့လာမယ့် ဇူလိုင်လ ၃ ရက်နေ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီတွေ စတင် မှတ်ပုံတင်နေချိန်မှာပဲ ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံရေးအရ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ကြုံခဲ့ရတဲ့ နှစ်ပတ်လည်နေ့အဖြစ်  ထောင်နဲ့ချီတဲ့ ရှပ်နီဝတ် များဟာဒီကနေ့မှာ  ဆန္ဒပြခဲ့ ကြကြောင်းသတင်းရရှိပါတယ်။

ဆန္ဒပြသူများဟာ ရာထူးမှဖယ်ရှားခြင်းခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ပုံပါတဲ့ ဦးထုတ်တွေကို ၀တ်ဆင်ပြီးဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ် ။ (ပုံ)


ပြီးခဲ့တဲ့နှစ် မေလ ၁၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲ နှိမ်နင်းတာတွေ မလုပ်ခင် ၂ လကျော်လောက် သိမ်းပိုက်ထားတဲ့ မြို့တော် ဘန်ကောက်ရဲ့ အချက်အချာ နေရာမှာ အင်္ကျီနီဝတ် ဆန္ဒပြသူတွေ ပြန်လည် စုဝေးခဲ့ကြတာဖြစ်ပြီး အဲဒီ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း လူပေါင်း ၉၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီပြီးဒဏ်ရာတွေ ရခဲ့ကြပါတယ်။

(IMF) အကြီးအကဲ ဘယ်သူဖြစ်လာမလဲ

(IMF) ရဲ့ အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း ဒိုမိနစ်ခ် စထရော့စ်ခန်း

ဟော်တယ်ဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ရာထူးက နှုတ်ထွက်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ် ။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က အချုပ်မှာ ထိန်းသိမ်းခံထားရတဲ့ IMF အကြီးအကဲဟောင်းကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း သက်သေပြသွားဖို့ အချိန်တွေ၊ ခွန်အားတွေ အားစိုက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် တရားရုံးကတော့ သူ့အမှုကို အာမခံပေးဘို့ငြင်းဆိုလိုက်ပါတယ် ။

သူ တာဝန်ကနေ ထွက်သွားပြီး နောက်မှာတော့ ကမ္ဘာပေါ်မှာ ဘဏ္ဍာရေးအရ သြဇာကြီးမားတဲ့ အဖွဲ့ကို ဘယ်သူက ဆက်လက် ဦးဆောင်သွားမလဲ ဆိုတဲ့အပေါ်မှာ အချေအတင် ဆွေးနွေး စရာတွေဖြစ်ပေါ်လာနေပေမယ့် အစဉ်အလာအားဖြင့် IMF အကြီးအကဲနေရာကို အီးယူနိုင်ငံတွေက  တဦးဦးကိုသာ ခန့်အပ်လေ့ ရှိပြီး ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲကိုတော့ အမေရိကန် နိုင်ငံကသာ အမြဲရယူထားတာဖြစ်ပါတယ် ။

သမ္မတ ဦးသိန်းစိန် တရုတ်သို့ ချစ်ကြည်ရေးခရီးသွားမည်


 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ဟူကျင်တောင် ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မေလ ၂၆ ရက်မှ ၂၈ ရက်အထိ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ကြောင်း သတင်းရရှိပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့ကမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ သူ ကျန်းယု က လည်းဒီနေ့မနက်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ကြောင်း သတင်းရရှိ ပါတယ်။

Voice Of Myanmar



ဤခရီးများ ရိုးသားကြပါရဲ့လား

မစ္စတာ ဗီဂျေး နမ်ဘီယား
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သုံးရက်ကြာ ဒီခရီးစဉ် အတွင်းမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအပြင် ဒေါ်စုကြည်အပါဝင် တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေး ပါတီများနဲ့ပါ တွေ့ဆုံခဲ့ပါတယ် ။ ထူးခြားတာကတော့ အစိုးရတာဝန်ရှိသူများ တရားဝင်နိုင်ငံရေးအဖွဲ့များနဲ့ တွေ့ဆုံရာမှာ လူအများရှေ့မှာ တွေ့ဆုံခဲ့သော် လည်း ဒေါ်စုကြည်ကို တွေ့ဆုံရာမှာတော့ နှစ်ဦးတည်းသီးသန့် တွေ့ဆုံခဲ့တဲ့အပြင် အချိန်အားဖြင့်လည်း အများနဲ့ တွေ့ဆုံချိန်ထက်ပိုပြီး ကြာတာကို သတိပြုမိပါတယ် ။ ယခင်တစ်ခေါက်လာတုန်းကလည်း ခုလိုသီးသန့် တွေ့ဆုံခဲ့ပါတယ်။


ဂျိုးဇက် ယွန်း (Joseph Yun)
 
ဒါကတော့ နောက်တစ်ယောက်ပါ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာမေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်နေပြန်ပါပြီ ၊ သူကလည်း အစိုးရတာဝန်ရှိသူတွေအပြင် ဒေါ်စုကြည်အပါအ၀င် တရားဝင်ဖွဲ့ထားတဲ့နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ ၊ စီးပွားရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ နဲ့တွေ့ဆုံဘို့စီစဉ်ထားပါတယ် ၊ ထူးခြားတာလားတိုက်ဆိုင်တာလားတော့မသိပါဘူး သူကလည်းဒေါ်စုကြည်နဲ့ နှစ်ဦးတည်း သီးသန့် တွေ့ပါဦးမယ် ၊ အရင်တစ်ခေါက်လာတုန်းကလည်း ဒီလိုဘဲ နှစ်ဦးတည်း သီးသန့် တွေ့ဆုံခဲ့ပါသေးတယ် ။

Wednesday, May 18, 2011

ဘင်လာဒင်နေရာဆက်ခံမည့် ခေါင်းဆောင်သစ်ထွက်ပေါ်

 အယ်လ်ခိုက်ဒါခေါင်းဆောင်သစ် Saif Al-Adel
 
အယ်လ်ခိုက်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်သေဆုံးပြီးနောက် အဖွဲ့ကို ဆက်လက်ဦးဆောင်ရန် အတွက် ခေါင်းဆောင်သစ် တစ်ဦးကိုရွေးချယ်လိုက်ကြောင်း သတင်းရရှိပါတယ် ။အီဂျစ်နိုင်ငံသား Saif al-Adel ကို အဖွဲ့ရဲ့ခေါင်းဆောင်သစ်အဖြစ် အယ်လ်ခိုက်ဒါအဖွဲ့က ရွေးချယ်ခဲ့ကြောင်း သူဟာ အီဂျစ်အထူးကွန်မန်ဒို တပ်ဖွဲ့ အရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း CNN ရုပ်သံကကြေငြာသွားပါတယ်။

အိုစမာဘင်လာဒင်သေဆုံးပြီးနောက် အဖွဲ့ရဲ့ ဦးဆောင်မှုပျောက်နေတာဖြစ်တဲ့အတွက် ခုလိုရွေးချယ်ခဲ့ တာဖြစ်ပြီး သူဟာ အယ်လ်ခိုက်ဒါအဖွဲမှာ မဟာဗျူဟာ ချမှတ်သူအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ကြောင်းလဲသိရပါတယ်။

ဆီးရီးယားနိုင်ငံအပေါ် လစ်ဗျားကဲ့သို့အရေးယူမှုမျိုး မထောက်ခံကြောင်း ရုရှားသမ္မတ သတိပေးပြောကြား

ရုရှားသမ္မတ Dmitry Medvedev
 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယားနိုင်ငံအပေါ် အရေးယူဆောင်ရွက်ရေး အမေရိကန်ဦးဆောင် တဲ့ နေတိုးစစ်အုပ်စုတွေရဲ့ ကြိုးပမ်းမှုကို ရုရှားအနေနဲ့ ထောက်ခံမှာမဟုတ်ကြောင်း ရုရှားသမ္မတ Dmitry Medvedev က မေလ ၁၈ ရက်နေ့မှာ သတိပေး ပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ် ။

လစ်ဗျားနိုင်ငံလို အရေးယူမှုမျိုးနဲ့ အလားတူအရေးယူမှုတွေကို သူ့အနေနဲ့ထောက်ခံတော့မှာမဟုတ်ဘူး လို့ ရုရှားသမ္မတက ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြား လိုက်တာဖြစ်ပါတယ် ။ သို့သော် လည်း ဗီတိုအာဏာသုံးမသုံး ကိုတော့ သူ့အနေနဲ့ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး ။

အမေရိကန် - ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်

ကမ္ဘာတစ်လွှားမှာ အခြားသောနိုင်ငံတွေ မိမိနိုင်ငံအတွင်းမှာဘဲ ဖြစ်ဖြစ် ၊ အခြားမဟာ မိတ်နိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်ရင် ဒေသတွင်းငြိမ်း ချမ်းရေးကို ခြိမ်းခြောက်တယ် ၊ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်တယ် အစရှိသဖြင့် အမြဲတမ်း ကန့်ကွက်လေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီနေ့မှာတော့ အာဆီယံအဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ် ။

 
Cooperation Afloat Readiness and Training (CARAT) 2011 လို့အမည်ပေးထားတဲ့ အမေရိကန် နဲ့ ထိုင်း နှစ်နိုင်ငံအကြား ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို Sattaheeb ရေတပ်အခြေစိုက်စခန်းတည်ရှိရာ ချွန်ဘူရီ ဒေသမှာ မေလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ခုလိုစစ်ရေးလေ့ကျင့် တာကိုနှစ်စဉ်ဆိုသလို ပြုလုပ်နေတာဖြစ်သော်လည်း ကုလသမဂ္ဂ အပါအ၀င် ဘယ်နိုင်ငံမှ ကန့်ကွက်သံ မကြားရကြောင်းလဲ သိရပါတယ် ။

Tuesday, May 17, 2011

သူတို့ပြောတဲ့ဦးတေဇ အကြောင်း

 
(Stanley A. Weiss (Founding Chairman of Business Executives for National Security) က အင်တာနက် သတင်းစာဖြစ်တဲ့ The Huffington Post မှာ ရေးသားထားတဲ့ Meet Burma’s First Billionaire ဆောင်းပါး ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဖြစ်တော့ ဦးတေဇကို အကောင်းမြင်တဲ့ဘက် ကဲပြီး ရေးထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
Forbes မဂ္ဂဇင်းက နှစ်စဉ်ကမ္ဘာ့ အချမ်းသာဆုံးလူတွေ စာရင်းကို ထုတ်ပြန်လေ့ ရှိတယ်။ ဒါပေမယ့် အဲဒီ စာရင်းထဲမှာ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် တေဇ နံမည်ကိုတော့ တွေ့ရမှာ မဟုတ်ဘူး။ တေဇဟာ မြန်မာနိုင်ငံက ထူးစီးပွားရေး လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်ပါတယ်။ ထူးစီးပွားရေး လုပ်ငန်းစုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှ ပေါ်ပေါက် လာခဲ့တာ ဖြစ်ပြီး သစ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ စားအုန်းဆီ လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ မိုဘိုင်းဖုန်း လုပ်ငန်းနဲ့ လေကြောင်းလိုင်းနဲ့ တစ်ခြား လုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့ သူ့ကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘီလီယံနာ ဖြစ်တယ်လို့ လူတွေက အသိအမှတ် ပြုထားကြ ပါတယ်။
တေဇဟာ အာရှမှာတော့ နံမည်ကြီးသူ ဖြစ်ပါတယ်။ စင်္ကာပူ၊ ထိုင်းနဲ့ တစ်ခြား နေရာတွေမှာ စီးပွားရေး အဆက်အသွယ် အများကြီး ရှိတယ်။ အထူးသဖြင့် အမေရိကန်နဲ့ အီးယူက သူ့ကို ဗိုလ်ချုပ်တွေနဲ့အတူ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ပြီး နောက်ပိုင်းမှာ အာရှမှာ ပိုပြီး အဆက်အသွယ် များလာတယ်။ ဒါပေမယ့် အနောက်နိုင်ငံ မီဒီယာတွေမှာတော့ သူ့အကြောင်း သိပ်မတွေ့ရဘူး။
ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ကျွန်တော်ဟာ မြန်မာနိုင်ငံကို အကြိမ်ပေါင်း များစွာ သွားခဲ့တယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကတော့ တေဇကို ရန်ကုန်မြို့က သူ့ရဲ့ ကြီးကျယ် ခမ်းနားတဲ့ အိမ်မှာ တွေ့ဆုံခွင့် ရခဲ့တယ်။ တေဇဟာ လူရှေ့ သိပ်မထွက်သလို တွေ့ဆုံ မေးမြန်းခန်းတွေလည်း သိပ်ပြီး လုပ်လေ့မရှိဘူး။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယကြားမှာ စီးပွားရေး စင်္ကြန် ဖြစ်လာတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံမှာ ပိုပြီး အရေးပါလာချိန်မှာတော့ မြန်မာနိုင်ငံက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ဟာ သူ့အမြင်တွေကို ထုတ်ပြော လာပါပြီ။ ဒါဟာ အမေရိကန်တွေက ဂရုစိုက် လာစေချင်လို့လည်း ဖြစ်နိုင်ပါတယ်။

အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းသားစုစုပေါင်း၏ ၄ပုံ ၁ ပုံခန့်လွတ်မြောက်လာ


အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူများ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ( ၂၈/၂၀၁၁) ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၄,၆၀၀ ကို ဒီကနေ့ကစပြီး လွှတ်ပေးလိုက်ပြီလို့ အကျဉ်းဦးစီးဌာနက ပြောဆိုလိုက်ကြောင်း ၊ အခု လွှတ်ပေးမယ့် စာရင်းထဲမှာ အမျိုးသမီး ၂,၁၆၆ ယောက် ပါဝင်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး  AP သတင်းတစ်ရပ်မှာ ဖော်ပြလိုက်ပါတယ်။

အင်းစိန်အကျဉ်းထောင်မှာတစ်ခုတည်းမှာပင်  အကျဉ်းကျနေသူ ၈,၀၀၀ ကျော်အနက် ၂,၆၀၀ ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျခံရမယ့်သူ ၃၄၈ ယောက်ကို တသက်တကျွန်း ပြစ်ဒဏ် ကို လျှော့ပေါ့ပေးလိုက်ကြောင်းသိရှိရပါတယ် ။

အိုစမာဘင်လာဒင် အတွက်တာလီဘန်တို့လက်စားချေ ကရာချိမြို့တွင် ဆော်ဒီသံတမန်တစ်ဦးသေဆုံးပြန်



တနင်္လာနေ့က ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမြို့မှာ ဖြစ်ပွားခဲ့တဲ့ အာဖဂန်သံတမန်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဟာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်ရှိ တာလီဘန်တို့က ကြေငြာလိုက်တယ်လို့ ဆင်ဟွာသတင်းတစ်ရပ်မှာ ဖေါ်ပြလိုက်ပါတယ်။

အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် Hassan-al-Kahatani အမည်ရှိ အာဖဂန် သံတမန်တစ်ဦးသေဆုံးကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။မေလ ၂ ရက်နေ့က အဘူတာဘတ်မြို့မှာ အယ်လ်ခိုက်ဒါးခေါင်းဆောင် အိုစမာဘင်လာဒင် ကို လုပ်ကြံခဲ့ပြီးနောက် တာလီဘန်တို့က လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ခုလို တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။ယခုလ ၁၃ ရက်နေ့ကပါကစ္စတန် စစ်လေ့ကျင့်ရေး စခန်းတစ်ခုအတွင်း တာလီဘန်တို့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့်  ၈၀ ကျော်သေဆုံးပြီး ၁၂၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ် ။

Monday, May 16, 2011

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမအငယ်ဆုံး ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အရွေးခံမည်



ရာထထူးမှဖယ်ရှားခြင်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ ညီမအငယ်ဆုံး ဖြစ်သူ Yingluck Shinawatra ဟာ ထိုင်းနိုင်ငံရဲ့အဓိက ပါတီးကြီး ဖြစ်တဲ့ Phue Thai  ပါတီရဲ့ အကြီးအကဲအဖြစ်အတည်ပြု ရွေးချယ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။ ဒါဟာ သူမအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်အဖြစ် ပါဝင်အရွေးခံဘို့ အဆင်သင့် ဖြစ်နေပြီဆိုတာ ပြသ လိုက်တာလဲဖြစ်ပါတယ် ။

ဒီနေ့ (တနင်္လာ) နေ့မှာပြုလုပ်တဲ့ Pheu Thai  ပါတီရဲ့ ယခင်ခေါင်းဆောင်ဟောင်းနဲ့ အမှုဆောင်များ အစည်းအဝေးအပြီးမှာ အခုလိုထုတ်ပြန်ကြေငြာလိုက်တာလည်းဖြစ်ပါတယ် ။ Pheu Thai ပါတီရဲ့ ယခင်ခေါင်းဆောင်ဟောင်းဖြစ်သူ Chalerm Yubamrung  ကတော့ သူမကိုအခုလိုရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ၀မ်းမြောက်ကြောင်း မီဒီယာများကို ပြောကြားခဲ့ပါတယ် ။

မြန်မာအစိုးရသစ် လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာ

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ကြေငြာလိုက်ကြောင်း သတင်းရရှိပါတယ်၊ အဆိုပါအမိန့်ကို သမ္မတ၏ အမိန့်အမှတ် ၂၈ ဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါအမိန့်တွင် -

မေလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက်သို့ လည်းကောင်း၊


(ခ) ထောင်ဒဏ် ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည် ဟု ဖေါ်ပြပါရှိကြောင်းသတင်းရရှိပါသည် ။


Voice Of Myanmar

Sunday, May 15, 2011

ဘင်လာဒင်ဖမ်းဆီးရေး အမေရိကန်ဥပဒေမဲ့လုပ်ရပ် ပါကစ္စတန်လွှတ်တော်က ရှုတ်ချကြောင်းကြေငြာ

ပါကစ္စတန်နိုင်ငံထဲကို ဥပဒေမဲ့ ၀င်ရောက်ကျူးကျော်ပြီး အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို စီးနင်းသုတ်သင်တဲ့ ကိစ္စအတွက် အမေရိကန်နိုင်ငံကို ပါကစ္စတန် လွှတ်တော်က ရှုတ်ချ ကြောင်းကြေငြာလိုက်ပါတယ်။

သောကြာနေ့က လုပ်ခဲ့တဲ့ ပါကစ္စတန် လွှတ်တော်နဲ့ အမျိုးသား စုံညီအစည်းအဝေးမှာ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေကို ဥပဒေပြု အဖွဲ့တွေက မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။တံခါးပိတ် အစည်းအဝေး အပြီးမှာ လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။

ပါကစ္စတန်ရဲ့ အဓိကအတိုက်အခံပါတီခေါင်းဆောင်တစ်ဦးက " ကုလသမဂ္ဂရဲ့ ပဋိဥာဉ် မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ  တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားရမယ် ၊ နောက်ပြီး နိုင်ငံကြီးကြီးသေးသေး အင်အားရှိရှိ မရှိရှိ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံတန်းတူ ရည်တူဆက်ဆံရမယ်ဆိုတာ အတိအလင်း ပြဌာန်းထားပြီးသားပဲ ဒါကိုဒီမိုကရေစီရှိပါတယ်ဆိုတဲ့ လက်နက်အင်အားကြီး နိုင်ငံကြီးတွေက မလိုက်နာရင် ဘာမှမဖြစ်ဘူး လက်နက်အင်အားမရှိတဲ့နိုင်ငံတွေ အဲဒီအင်အားကြီးတွေနဲ့ မဟာမိတ်မဖြစ်တဲ့  နိုင်ငံတွေက မလိုက်နာရင် ၀ိုင်းပြီးအရေးယူမယ် အဲဒီနိုင်ငံကအကြီးအကဲကို နိုင့်ထက်စီးနင်းလုပ်မယ်ဆိုတာတွေက ဒီနေ့ကမ္ဘာမှာ နေရာ အနှံအပြားဖြစ်နေတယ် ခုကျွန်တော်တို့နိုင်ငံမှာပါ ဒါမျိုးဖြစ်နေပြီ ဒါကို ကမ္ဘာက သိစေချင်တယ် ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးဆောင်ရွက်ဘို့ ကျွန်တော်တို့ ဆောင် ရွက်နေတာပါ "  ဟုပြောကြားသွားပါသည်။

IMF အကြီးအကဲ လိင်အကြမ်းဘက်မှုဖြင့် အဖမ်းခံရ

 
IMF ခေါ်အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့၏အကြီးအကဲ Dominique Strauss-Kahn ကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား လိင်အကြမ်းဖက်မှုဖြင့် နယူးယောက်မြို့တွင် စနေနေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည် ။

The New York Times နှင့် New York Post သတင်းစာများ၏အဆိုအရ ၄င်းကို ကနေဒီ လေဆိပ် ကနေပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုထွက်ခွာမယ့် လေယာဉ်ပေါ်ကနေ လေယာဉ်ထွက်ခွာခါနီး ၂ မိနစ်အလို မှာ လေဆိပ်အာဏာပိုင်တွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ခုလိုဖမ်းဆီးလိုက်တာဖြစ်တယ် လို့ဆိုပါတယ်။သူ့ကိုဖမ်းဆီးသွားစဉ်မှာတော့ လက်ထိပ်ခတ်တာ မျိုးတော့ မလုပ်ခဲ့ဘူးလို့မျက်မြင်သက်သေများကပြောကြားကြောင်း တိုင်းမ် သတင်းမှာဖေါ်ပြပါတယ် ။

Saturday, May 14, 2011

ထူးခြားသောမိန့်ခွန်းများ

(၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော် ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် သုံးသပ်ချက် ဖြစ်ပြီး အစိုးရရော၊ ပြည်သူများရော၊ လက်ရှိ အစိုးရကို ဆန့်ကျင်နေသူ များရော စဉ်းစားသင့်တဲ့ အချက်များပါလို့ ဝေမျှ ပေးလိုက်ပါတယ်။)
မကြာသေးမီက နိုင်ငံတော် သမ္မတ မိန့်ခွန်းများထဲမှာ ပြောကြားခဲ့သည့် စကားတွေက အသစ်တွေ ဖြစ်သည်။ အသစ်တွေ ဆိုသည်မှာ ဘယ်သူမှ မတွေးတော မပြောဆို ကြသေးသည့် အကြောင်းအရာများ ဖြစ်သည်ဟု ဆိုလိုသည် မဟုတ်။ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦး၏ နှုတ်က မကြားရဖူးသည့် စကားများဖြစ်၍ အသစ်ဟု ဆိုခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံ၏ အကြီးအကဲ ဖြစ်သော ပုဂ္ဂိုလ်က တိုင်းပြည်ကို အသိပေးရုံမက၊ နိုင်ငံအရေးကို စီမံ ခန့်ခွဲမည့် မိမိ လက်အောက်ရှိ ယန္တရား အဆင့်ဆင့်မှ ပုဂ္ဂိုလ်များကိုပါ ညွှန်ကြား စေခိုင်းသည့် သဘော ပြောကြားလိုက်ခြင်း ဖြစ်ရာ သည်စကား များသည် အလွန် ထူးခြား ပါနေသည်။
မိန့်ခွန်းများထဲက အစီအစဉ်များ အတိုင်းသာ တကယ်လက်တွေ့ ဖြစ်ပေါ်လာမည် ဆိုလျှင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် နယ်ပေါင်းစုံ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ပေါင်းစုံ တို့၌ အပြောင်းအလဲကြီးတွေ မြင်လာရစရာ ရှိသည်။
သို့သော် ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏက ကြီးမားလှသည်။လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို အိတ်သွန်ဖာမှောက် တစ်ထောင့်မကျန် ပြောင်းလဲ ပြုပြင်ရမည့် ကိစ္စ။တစ်ဦးတည်း တစ်ယောက်တည်း စိတ်အား ထက်သန်ရုံနှင့် မပြီး။ ကြီးမားသော အင်အား လိုသည်။ နိုင်ငံတော် သမ္မတ မိန့်ခွန်းတွင် သုံးနှုန်းခဲ့သည့် စကားလုံးမျိုးနှင့် ဆိုသော်၊ ဒေါင်လိုက်ရော ဘေးတိုက်ပါ ချိတ်ဆက်ထားသည့် ယန္တရားမျိုး လိုသည်။
အဲသည် ယန္တရားသည် အထက်မှ အောက်သို့ သာမက၊ အောက်မှ အထက်သို့လည်း ပြန်လှန် လည်ပတ်နိုင်ရမည်။ အဲသည် ယန္တရား၏ လုပ်ငန်းတို့သည် ပွင့်လင်းမြင်သာမှု ရှိရမည်။ အဲသည် ယန္တရားမှာ ပါဝင် ဆောင်ရွက်သူ တို့သည် မိမိအလုပ်ကို မိမိ တာဝန်ယူသူ၊ တာဝန်ခံနိုင်သူ၊ မေးလာလျှင် ဖြေကြားနိုင်သူများ ဖြစ်ရမည်။

မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်အကြား သဘောတူညီချက် လက်မှတ်ထိုး

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာ - တရုတ် ဆက်ဆံရေး ပိုပြီး ကောင်းလာတာနဲ့ အတူ နှစ်နိုင်ငံ တပ်မတော်များ အကြား ဆက်ဆံရေးလည်း တိုးတက် လာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် တရုတ်နိုင်ငံလုပ် လေယာဉ်၊ စစ်သဘောင်္၊ သံချပ်ကာ ကားများနဲ့ သယ်ယူ ပို့ဆောင်ရေး ယာဉ်များကို မြန်မာ့ တပ်မတော်က ၀ယ်ယူ အသုံးပြုခဲ့ပါတယ်။ နှစ်ဘက် တပ်မတော် ခေါင်းဆောင်များလည်း အပြန်အလှန် သွားရောက် လည်ပတ်တဲ့ ခရီးစဉ်များလည်း ရှိလာခဲ့ပါတယ်။ 
 
အခုလည်း တရုတ်ဗဟို စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီး Xu Cailhou ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ်နေတဲ့ အကြောင်း မြန်မာအစိုးရ သတင်း မီဒီယာများမှာ ဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် စတင်ထမ်းဆောင် ပြီးနောက် တရုတ်ဘက်က ပထမဆုံး လာရောက်တဲ့ အဆင့်မြင့် အရာရှိ ခရီးစဉ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဗဟို စစ်ကော်မရှင်ဟာ ကာကွယ်ရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်သလို နိုင်ငံရေးအရလည်း အရေးပါပါတယ်။ တရုတ် ခေါင်းဆောင်များ ဖြစ်တဲ့ မော်စီတုံး၊ တိန်ရှောက်ဖိန်၊ ကျန်းဇီမင်းတို့ဟာ သမ္မတရာထူးကို စွန့်လွှတ် ပြီးချိန်မှာတောင် ခေါင်းဆောင်သစ်တွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ဗဟို စစ်ကော်မရှင် ဥက္ကဌ ရာထူးကို ကိုင်ထားလေ့ ရှိပါတယ်။ 

Friday, May 13, 2011

ဘင်လာဒင်အတွက် အယ်လ်ခိုက်ဒါတို့လက်စားချေ ပါကစ္စတန်တွင် တိုက်ခိုက်မှု ၂ ခုတွင်း ၈၀ သေဆုံး

 
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ဒေသက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈၀ ထက်မနည်း ရှိခဲ့ ပြီး ၁၂၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ ဆင်ဟွာသတင်း တစ်ရပ်အရသိရှိ ရပါတယ် ။

ပါကစ္စတန်မှာရှိတဲ့ တာလီဘန် အဖွဲ့ကတော့ အယ်လ်ခိုင်းဒါး (Al Qaida)  ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီကနေ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့ ပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘယ်လိုပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်ဆိုတာ မဖေါ်ပြပေမဲ့ အမေရိကန်နဲ့ နေတိုးစစ်အုပ်စု တို့ကို ပစ်မှတ်ထား တိုက်ခိုက်သွားဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်နေကြပါတယ်။

ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber-Pakhtunkhwa) ပြည်နယ်က စစ်လေ့ကျင့်ရေး စခန်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေထဲက အများစုဟာ သင်တန်းပြီးကာစ ဗိုလ်လောင်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်  ခေတ္တ ခွင့်ရတဲ့အချိန် အိမ်ပြန်ကြမယ့် အရာရှိလောင်းတွေ ကားပေါ်တက်နေတုန်းမှာ ခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

Wednesday, May 11, 2011

ကျေးလက်သဘာဝ ဂျပန်အလှ

ဂျပန်နိုင်ငံဆိုရင် မျက်စိထဲ ပြေးမြင်တာက အလွန်ခေတ်မီပြီး စစ်မှုထွန်းကား တဲ့မြင်ကွင်းတွေ မိုးမျှော်တိုက်ကြီးတွေ ကိုပဲ ပြေးမြင် မိကြပါတယ် ၊ ခုလိုသာယာလှပတဲ့ ကျေးရွာလေးတွေ ရှိနေတယ်ဆိုတာ ကိုတော့ သိရှိသူနည်းပါတယ်။ဒီအောက်က ပုံလေးတွေကိုကြည့်ပါ ဒီပုံတွေအကုန်လုံးဟာ ၂၀၁၁ မေလ ၁၀ ရက်နေ့မှာ ရိုက်ကူးထားတဲ့ပုံတွေဖြစ်ပါတယ် ။





၁၀ ကြိမ်မြောက် နိုင်ငံတကာ စစ်လက်နက်ပစ္စည်းပြပွဲ

 
တူရကီနိုင်ငံ အစ်တန်ဘူ မြို့မှာ ဒီကနေ့ (မေ-၁၀)  ၁၀ ကြိမ်မြောက် နိုင်ငံတကာ ကာကွယ်ရေးသုံး ပစ္စည်းများ ပြပွဲစတင်ဖွင့်လှစ်ရာ တူရကီသမ္မတ Abdullah Gul နှင့် ကာကွယ်ရေးဝန်ကြီး Hayrettin Uzun အပါအ၀င် တပ်မတော်အကြီးအကဲများ ၊ စစ်ဘက်နယ်ဘက်မှ အဆင့်မြင့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည် ။အဆိုပါပြပွဲတွင် ဂျက်တိုက်လေယာဉ်များ ၊ ဒုံးပျံများ ၊ တင့်ကားများ ၊ စစ်ရေယာဉ်များ နှင့် အခြားကာကွယ်ရေးသုံးပစ္စည်းများ ကိုပြသလျှက် ရှိကြောင်းလည်းသိရပါတယ်။



ဒီပြပွဲမှာ တူရကီအပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကုမ္ပဏီ ပေါင်း ၆၂၁ ခုကပါဝင်ပြသလျှက်ရှိပါတယ် ၊ ဒီအထဲမှာ အမေရိကန် ၊ ပြင်သစ် ၊ ဗြိတိန် ၊ ရုရှား ၊ တရုတ် စတဲ့ လက်နက်ထုတ်လုပ်တဲ့ နိုင်ငံများပါဝင် ပြသလျှက်ရှိပါတယ် ။









 


အမေရိကန် Raytheon ကုမ္ပဏီကြီးက integrated fighter နှင့် patriot missiles များပါဝင်ပြသလျှက်ရှိပြီး Lockhed Martin ကတော့ ၄င်းတို့ကုမ္ပဏီထုတ် စနိုက်ပါသေနတ်များ ၊ လမ်းညွှန်စံနစ်သုံး ဒုံးပျံများ ပြသနေပါတယ် ။ တူရကီနိုင်ငံ ရဲ့ Otokar ကုမ္ပဏီကတော့ ပင်မတိုက်ပွဲဝင် တင့်ကားတွေကို ပါဝင်ပြသလျှက်ရှိတယ်လို့ဆိုပါတယ် ။






တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aerospace Long-march International Trade Company of China ကတော့  LY-80, FB-6A and FN-16 အမျိုးစား မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး စံနစ်သုံး missile system များကို ပြသလျှက်ရှိပါတယ် ။




ဒီပြပွဲမှ ပြနေတဲ့ လက်နက်ပစ္စည်းအမျိုးမျိုးကို အသေးစိတ် လေ့လာလိုသူများ သိရှိနိုင်ပါရန် အောက်တွင် နောက်ဆက်တွဲအဖြစ်ဖေါ်ပြအပ်ပါသည် ။

Tuesday, May 10, 2011

လူ့အလို နတ်မလိုက်နိုင်

လူ့အလိုနတ်မလိုက်နိုင်ဟူသောစကားသည် မြန်မာမှုနယ်ပယ်တွင် အသုံးများသော အသုံးတစ်ခုဖြစ်ပါသည် ။ တစ်စုံတစ်ဦး၏ ဆန္ဒကို လိုက်လျောသူက လိုက်လျော၍ မဆုံးနိုင် မည်သို့ပင်လိုက်လျောစေကာမူ အလိုမကျနိုင်ဖြစ်သော အခါမျိုးတွင် သုံးသောအသုံးဖြစ်ပါသည် ။ ယနေ့ခေတ်မြန်မာအတိုက်အခံများသည် ထိုစကားမှန်ကန်ကြောင်း သက်သေပြရန်လူဖြစ်လာကြသူများဖြစ်လေသည် ။

- တပ်မတော်အစိုးရအုပ်ချုပ်စဉ်က ၊ နိုင်ငံဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိရတယ် ၊ စစ်အုပ်ချုပ်ရေးဆိုတာ  ဒီမိုကရေစီမဆန်ဘူး ဒါနဲ့တစ်သက်လုံးအုပ်ချုပ်နေလို့ရတာမဟုတ်ဘူး ဟုဆိုကြလေသည် ။

- ဒီတော့တပ်မတော်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် ဆောင်ရွက်လေသောအခါ ဖွဲ့စည်းပုံဆိုတာ လူတစ်စုက ဆွဲရတာမျိုးမဟုတ်ဘူး အများပါဝင်ဆွဲရတာ ဟုပြောဆို ဆရာလုပ်ကြပြန်လေသည် ။

- အစိုးရက ဖွဲ့စည်းပုံရေးဆွဲတော့ အများပါဝင်နိုင်ရန် အမျိုးသားညီလာခံကိုခေါ်ယူကျင်းပခဲ့သည်  ၊ ထိုအတိုက်အခံများကိုလဲ ပါဝင်ရန်ဖိတ်ခေါ်ခဲ့သည် ။ ဒီတော့ အများဆန္ဒမဟုတ်တော့ပြန်ဘူး သူတို့လုပ်ချင်တာကို အများကကန့်ကွက်နေလို့ဆိုပြီး မပါတော့ဘူးဆိုပြီးထွက်သွားပြန်တယ် ။ ထွက်သွားယုံမက ဒီညီလာခံကို ကန့်ကွက်ကြတယ် ၊ နိုင်ငံတကာက ကန့်ကွက်လာအောင်လည်း ကြိုးပမ်းခဲ့ကြတယ်။

မစ္စတာဗီဂျေးနမ်ဘီးယား မြန်မာနိုင်ငံသို့လာရောက်မည်


 မစ္စတာဗီဂျေးနမ်ဗီးယား
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ  အကြံပေးပုဂ္ဂိုလ်ဟာ ဒီသီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်ဘို့ မြန်မာအစိုးသစ်က ပြည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။ 
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ သုံးရက်ကြာမယ့် ဒီခရီးစဉ် အတွင်းမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအပြင် ဒေါ်စုကြည်အပါဝင် တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေး ပါတီများနဲ့ပါ တွေ့ဆုံဘို့ရှိတယ်လို့သတင်းများအရသိရပါတယ်။

Monday, May 9, 2011

၆၆နှစ်မြောက် Victory Day စစ်ရေးပြအခမ်းနား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ခမ်းနားစွာကျင်းပခဲ့


ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ကရင်မလင်ရင်ပြင်မှာ နာဇီ ဂျာမဏီတို့အား အောင်မြင်သည့် အထိမ်းမှတ် ကျင်းပသည့် ၆၆နှစ်မြောက် Victory Day စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ရာ ရုရှားသမ္မတ Dmitry Medvedev နှင့် ၀န်ကြီးချုပ် Vladimir Putin ၊ စစ်မှုထမ်းဟောင်းကြီးများ နိုင်ငံတကာမှ ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ (ပုံ)



 
အင်အား ၂၀၀၀၀ ကျော်ရှိသောစစ်သည်တော်များက စစ်ရေးပြစစ်ကြောင်းကြီးများဖြင့် ချီတက် စစ်ရေးပြခဲ့ကြခဲ့ကြကြောင်း လည်းသိရပါတယ် ။ ရုရှားမီဒီယာများ အဆိုအရ ရုရှားအာကာသတပ်ဖွဲ့ အရာရှိ ၂၀၀ ပထမဦးဆုံးအကြိမ် ဒီစစ်ရေးပြအခမ်းအနားမှာ ပါဝင်လာတယ်လို့ဆိုပါတယ်။