ဂဒါဖီ တိုင်းပြည်အတွင်းမှာ ဆက်ရှိနေသေးလား၊ မရှိတော့ဘူးလား ဆိုတာကို သူတို့ အတိအကျ မသိဘူးလို့ အတိုက်အခံ  အကြီးအကဲ မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေလ် (Mustafa Abdel Jalil) က ပြောပါတယ်။ လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖမ်းမိရင် မျှတစွာ တရားစီရင်မှာဖြစ်ပြီး ဂဒါဖီကို ဖမ်းမိမှသာ စစ်မှန်တဲ့ အောင်ပွဲကို ခံယူမယ်လို့ သူကဆိုပါတယ်။

 မစ္စတာ ဂဒါဖီ နေထိုင်တဲ့ ဘပ်ဘ် အယ်လ် အဇီဇီယာ (Bab al-Aziziya) နေအိမ်ခြံဝင်းကြီး အပါအ၀င် ထရီပိုလီမြို့ရဲ့ ထက်ဝက် လောက်ကို ဂဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။နှစ်ဘက်တိုက်ပွဲဝင်သူတွေဟာ အခုအခါမှာ အရပ်ဝတ်တွေကိုသာဝတ်ဆင် တိုက်ခိုက်နေကြ တာကြောင့် ဘယ်သူဟာ အတိုက်အခံ ဘယ်သူဟာ အစိုးရလူဆိုတာ ခွဲခြားသိနိုင်ဘို့ မလွယ်တော့တဲ့အတွက် လက်နက်ကိုင် မြင်မြင်သမျှကို ကြောက်နေရတဲ့အနေအထားမျိုးဖြစ်တယ်လို့ ထရီပိုလိမြို့ခံတစ်ဦးက ပြောကြားပါတယ် ။