xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရင်ကိုလာထိသော ဒေါ်ခိုင်ခိုင်နွယ်

Thursday, June 14, 2012

ရင်ကိုလာထိသော ဒေါ်ခိုင်ခိုင်နွယ်

ဒီနေ့ ILO ကွန်ဖရင့်စ်ကို အချိန်ပေးပြီး စောင့်ကြည့်ခဲ့ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ၊ တဆက်တည်းဆိုသလိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုကြည့်ခဲ့ပါတယ် ၊ သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဆိုတာ လက်ခံပါသလားဆိုပြီး သတင်းထောက်တစ်ယောက်ကမေးတယ် ၊နောက် တစ်ယောက်ကျော်မှာပဲ နောက်သတင်းထောက်တစ်ယောက်က ခုနမေးခွန်းကိုပဲ  ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားပါသလည်း လို့ထပ်မေးပြန်တယ် ၊ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်း ၂ခုလုံးကို Rule of Law အတိုင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။ ပါးနပ်တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ အဖြေမျိုးပါပဲ ကောင်းပါတယ် ၊ ရင်ထဲကိုတော့လာမထိပါဘူး ။

နောက် ၀န်ကြီးဦးအောင်ကြည်နဲ့ သတင်းထောက်တစ်ယောက်အမေးအဖြေတွေကြည့်လိုက်ပါတယ် ၊ အစိုးရရဲ့ ပြောနေကျစကားတွေအတိုင်းပဲ ၀န်ကြီးက ထိန်းထိန်းသိမ်းသိမ်း ဖြေသွားပါတယ် ၊ ၀န်ကြီးရဲ့အဖြေတွေလည်း ကောင်းတာပါဘဲ ၊ ဒါပေမယ့် ရင်ထဲကိုတော့လာမထိပါဘူး ။

ကျွန်ုပ်ရင်ကိုလာထိသော အဖြေများကို ဖြေကြားခဲ့ ပြောဆိုခဲ့သူမှာ ရွှေပြည်သာ စက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ကိုယ်စားပြုတက်လာတဲ့ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်ဖြစ်ပါသည် ၊ သူမ ပြောဆိုခဲ့သောစကားများသည် ကျွန်ုပ်၏ ရင်ကိုလာပြီးထိပါသည် ၊ ကျွန်ုပ်ပြောချင်သောစကားများနှင့် ထပ်တူဖြစ်ပါသည် ၊ သူမသည် ဆန်ရှင်ကြောင့် မြန်မာအလုပ်ရှင် အလုပ်သမားတို့ ကမ္ဘာ့အလယ်မှာ ဈေးကွက်မရှိ ၊ ရွေးချယ်စရာမရှိ ၊ တန်းတူအခွင့်အရေးမရပဲ ဖြစ်နေပုံတို့ကို  ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်စကားလုံးများ ပြောနေသော်လည်း မျက်နှာသည်အပြုံးမပျက် ၊ အပြုံးမပျက်ဟုဆိုသော်လည်း သူမ၏မျက်နှာနှင့် မျက်လုံးတို့တွင် ခံစားချက် ၊ ခံပြင်းမှုတို့ အထင်းသားပေါ်၏ မျိုးချစ်စိတ် ပေါ်လှ၏ ၊ တော်လှ၏ သူသာသရုပ်ဆောင်လုပ်ပါမူ ယနေ့သရုပ်ဆောင်များ ထမင်းငတ်ဖွယ်ဖြစ်၏  နိုင်ငံအတွက် တာဝန်ကျေလှ၏ ၊ မြန်မာအမျိုးသမီးတစ်ဦး၏ သတ္တိကို မြင်ရ၏ ၊ ရဲရင့်မှုကိုတွေ့ရ၏၊ အသိအမှတ်မပြုပဲမနေနိုင်အောင် ဖြစ်ရ၏ ၊ ဤကဲ့သို့ စိတ်ထားရှိသောမြန်မာအမျိုးသမီးမျိုး တိုင်းပြည်တွင် များများလို၏ ။