xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆရာမင်းသိင်္ခနှင့်ဒေါက်တာဆိတ်ဖွား

Saturday, June 23, 2012

ဆရာမင်းသိင်္ခနှင့်ဒေါက်တာဆိတ်ဖွား

Eleven Media ၏ အင်တာနက်စာမျက်နှာအပါအ၀င် Forward mail ခေါ် တစ်ဆင့်ပြန်လည်ဖြန့်ဝေသော mail  များတွင် ဒေါက်တာဆိတ်ဖွား ၏အမည်သည်အတော်အတန်ပင်ပျံ့နှံ့နေပါသည် ထိုသို့ပျံ့နှံ့လာခြင်းနှင့်တပြိုင်နက်မှာပင် ကျွဲကူးရေပါဆိုသလို ဒေါက်တာဆိတ်ဖွားသည် မည်သူမည်ဝါဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများလည်း ပါ၍လာလေသည်  ။ 

အချို့က Voice of Myanmar သည် ပြန်ကြားရေးဝန်ကြီးဌာနက တစ်ဖက်လှည့်နှင့် ထောင်ထားသော ဘလော့ဖြစ်သည်ဟုဆို၏ ၊ အချို့က ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်ပတ်သက်မည်ဟု သုံးသပ်ပြောဆိုကြပြန်လေသည် ၊ အချို့ကတော့စာနယ်ဇင်းအသိုင်းအ၀ိုင်းထဲကဖြစ်မည် ဟု ထင်ကြေးပေးကြ၏ ၊ တချို့ကမူ မည်သူမည်ဝါဖြစ်မည်ဟု အမည်တပ်ကာ စွပ်စွဲကြပြန်လေ၏ ။ အစပထမတွင် ထိုသို့စွပ်စွဲပြောဆိုမှုများသည် ကျွန်ုပ်၏အရာမဟုတ် ၊ ထိုသို့စွပ်စွဲပြောဆိုသူများ၏အရာသာဖြစ်သည်ဟု အထင်ရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘာမဆိုင်ညာမဆိုင် အစွပ်စွဲခံရသူလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအတွက် နစ်နာလာစရာအကြောင်းရှိခဲ့သော် မနစ်နာစေရန် ဤစာကိုရေးပါသည် ။

အထက်ဖေါ်ပြပါစွပ်စွဲချက်များနှင့် ကျွန်ုပ်မည်သို့မျှမပတ်သက်ပါ ၊ ဆိုင်လည်းမဆိုင်ပါ ၊ ကျွန်ုပ်၏အမည်ရင်းကိုဖေါ်ပြသည့်တိုင် လူသိများလောက်အောင်ထင်ရှားသူလည်းမဟုတ်ပါ ၊ ယခင်ကလည်း ဆောင်းပါးများကို အခြားအမည်များဖြင့်ရေးဘူးသူလည်းမဟုတ်ပါ ၊ တစ်စုံတစ်ရာကနောက်မှတွန်းအားပေးသဖြင့် ထိုသူတို့၏သဘောထားကို ထင်ဟပ်စေသောရေးသားမှုမျိုး ကို ဆောင်ရွက်ရသည့်အလုပ်မျိုးကို ကိုယ်တိုင်မနှစ်သက်ပါ ကြိုက်လည်းမကြိုက်ပါ ၊ သို့ပါသောကြောင့်အဖွဲ့အစည်းတစ်ခုခု၏ ကိုယ်စားဆောင်ရွက်နေသည်ဆိုသည်မှာလည်း မမှန်ပါ ။

ကျွန်ုပ်၏ ကလောင်အမည်သည် စာရေးဆရာမင်းသိင်္ခ၏ ထင်ရှားသောဇာတ်ကောင်အမည်သာဖြစ်ပါသည် ၊ ဆရာမင်းသိင်္ခသည် ဗေဒင် ၊ယတြာ ၊ ဂမ္ဘီရ အစရှိသောနယ်ပယ်အသီးသီးတွင် ထင်ရှားလှသော်လည်း သူ့ကို စာရေးဆရာတစ်ယောက်အဖြစ်ပိုကြိုက်ပါသည် ၊ပို၍လေးစားပါသည်  ကျွန်ုပ်သည် ဆရာခနှင့် အတော်အတန်ရင်းနှီးသူဖြစ်ရာ တစ်နေ့တွင် ဆရာခအား သူဖန်တီးခဲ့သောဇာတ်ကောင်တွေထဲမှာ ဘယ်ဇာတ်ကောင်ရဲ့ ကာရိုက်တာကို အကြိုက်ဆုံးပါလည်း ဟုမေးခွန်းထုတ်ခဲ့ရာ သူက " ကျုပ်အနေနဲ့ကတော့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားကို အကြိုက်ဆုံးပဲဗျ ဘာလို့လည်းဆိုတော့ ဆားပုလင်းနှင်းမောင်တို့ စနေမောင်မောင်တို့ဟာ သူတို့ရဲ့ ပုံသေကာရိုက်တာတွေရှိကြတယ် ဒီတော့စာရေးတဲ့အခါ ဒီကာရိုက်တာတွေကိုပေါ်လွင်အောင် သတိထားပြီးရေးရတယ်ပေါ့ဗျာ ဒါပေမယ့် ဒေါက်တာ ဆိတ်ဖွားနေရာကနေရေးတဲ့အခါ သူကလွတ်လပ်နေတယ်  နောက်ပြီးသူဟာပုံသေသမားမဟုတ်ဘူး တခါတလေသူဟာအင်မတန်ရက်စက်သူဖြစ်တယ် တစ်ခါတရံမှာတော့ သူဟာမေတ္တာဂရုဏာ ကြီးမားနေသူဖြစ်နေပြန်တယ် တခါတလေမှာ သူဟာအမြော်အမြင်ကြီးသူဖြစ်ပြီး ဖီလော်ဆော်ဖီတွေကိုပြောနေတတ်ပေမယ့် တစ်ခါတစ်လေမှာ စိတ်ထင်ရာကို ဇွတ်တရွတ်လုပ်တတ်သူဖြစ်နေပြန်တယ် ၊ တခါတလေမှာ ဒန်ဂျိုင့်အစုတ်လေးနဲ့ လ္ဘက်ရည်ကိုကြိုက်နေတတ်သလို တခါတစ်လေမှာတော့ ခမ်းနားလှတဲ့ ပါတီကြီးတွေမှာ လိုက်လျောညီထွေဖြစ်နေပြန်တယ် ဆိတ်ဖွားဟာအမှန်တရားကိုမြတ်နိုးတယ် ပြီးတော့လွတ်လပ်နေတယ် လွတ်လပ်နေတာကိုက သူ့ရဲ့ ကာရိုက်တာဖြစ်တယ် ဒါကြောင့်သူ့ကိုယ်စား စာရေးရတဲ့အခါမှာလည်း စာရေးသူကျုပ်ဟာ လွတ်လပ်ပေါ့ပါးနေတယ် ဒါကြောင့်သူ့ကိုအကြိုက်ဆုံးပါဘဲ  " လို့ရှည်ရှည်လျားလျားဖြေခဲ့ဘူးတယ် ။


ကျွန်ုပ်ကလည်း " ဆရာခရေ... လွတ်လပ်နေတာရယ် ၊ အမှန်တရားကိုချစ်မြတ်နိုးတာရယ် ၊ ပုံသေသမားမဟုတ်တာရယ် ဆိုတဲ့ ဒေါက်တာဆိတ်ဖွားရဲ့ ဇတ်ကောင်စရိုက်တွေကို သိပ်ကြိုက်တာပဲဗျာ ကျွန်တော်သာဆရာခလို စာရေးတတ်လို့ကတော့ ဒေါက်တာဆိတ်ဖွားလိုဇာတ်ကောင်မျိုး ဖန်တီးပစ်လိုက်ချင်တယ်ဗျာ " လို့ပြောလိုက်မိတယ် ....


ဒီအခါ ဆရာမင်းသိင်္ခက မှန်းစမ်းကိုယ့်လူ ဆိုပြီး ကျွနိုပ်ရဲ့လက်ဝါးပြင်ကို ဆွဲယူကြည့်လိုက်တယ် ပြီးတော့သူ့မျက်နှာဟာ တည်ကြည်တဲ့အသွင်ကိုပြောင်းသွားပြီးကျွန်ုပ်၏ လက်ဝါးပြင်ပေါ်မှ အမှတ်အသားတစ်ခုကိုထောက်ပြကာ ...


ဒီမှာကိုယ့်လူ ဒီအမှတ်လေးကိုတွေ့လား ဒီအမှတ်အသားမျိုးဟာ လူတစ်သောင်းမှာ တစ်ယောက် ပါခဲတယ် ဒါဘာကိုပြနေလည်းဆိုရင် ကိုယ့်လူဟာတစ်နေ့မှာ စာရေးခြင်းအလုပ်နဲ့ အင်မတန် လူသိသူသိများလာလိမ့်မယ်ဆိုတာကို စာရေးထားသလိုပါဘဲဗျာ....ဟုလေးလေးနက်နက် ပြောလေ၏ ။


တဆက်တည်း ဆိုသလိုပင် ကျွန်ုပ်၏ မွေးသက္ကရာဇ် ၊ နေရာ ၊ အချိန်တို့ကိုမေးမြန်းပြီး အနီးရှိအသင့်ချထားသော စာရွက်လေးတစ်ရွက်တွင်ရေးလေ၏ ၊ ပြီးနောက် အနီးရှိတပည့်လေးတစ်ယောက်ကို ထိုစာရွက်ကလေးကို လှမ်းပေးလိုက်ပြီး " မြန်မြန် " ဟုပြောလိုက်ရာ ထိုတပည့်ကလေးသည်ထိုစာရွက်ပိုင်းကလေးကိုယူကာ လှစ်ကနဲ ဆိုသလို ပြေးထွက်သွားလေ၏ ။


ထိုဆရာခ၏တပည့်ကလေးထွက်သွားပြီးနောက် ကျွန်ုပ်နှင့်ဆရာခသည် ဆရာခတည်ခင်းသော လ္ဘက်ရည်ကြမ်းကိုသောက်ရင်း အခြားရောက်တတ်ရာရာ စကားများကိုပြောနေကြ၏ ၊ ထိုစဉ်မှာပင် ခုဏပြေးထွက်သွားသော ဆရာခ၏ တပည့်ကျော်သည် ဆရာခပေးလိုက်သော စာရွက်ပိုင်းလေးအပြင် အခြားသော ဇယားများ ကိန်းဂဏန်းအမှတ်အသားများပါသည့် စာရွက် ၂ ရွက်နှင့်အတူ အပြေးအလွှားဆိုသလို ပြန်ရောက်လာလေ၏ ။


ထို့နောက်ဆရာခသည် ကျွန်ုပ်၏ လက်ဝါးပြင်မှ ကျွန်ုပ်ကိုယ်တိုင်ဘာမှနားမလည်သော အရေးအကြောင်း အမှတ်အသားများကိုလည်းကောင်း ၊ ခုဏစာရွက်ပါ ကိန်းဂဏန်းအမှတ်အသားများ ၊ ဇယားတိုင်များကိုလည်းကောင်းသေချာကြည့်ရှုစစ်ဆေးကာ ကျွန်ုပ်၏ အကြောင်းကို ဟောပြောလေတော့၏ သူ၏ဟောဆိုချက်များသည် ကျွန်ုပ်၏ ဘ၀ဇာတ်ကြောင်းကို အပေါ်စီးမှ လိုက်ကြည့်နေသူတစ်ဦးကဲ့သို့ မှန်၏ ၊ လောကတွင်ကျွန်ုပ်တစ်ယောက်တည်းသိပါသည်ဟု အထင်ရောက်ခဲ့သော ကျွန်ုပ်၏လျှို့ဝှက်အပ်သောအရာများကိုလည်း သူက သိနေပြန်၏ ၊ ကျွန်ုပ်ကိုယ်တိုင်မေ့နေပြီဖြစ်သောအကြောင်းအရာများလည်း  ပြန်အမှတ်ရသွားအောင်ထုတ်ဖေါ်နိုင်၏ ၊ အနာဂါတ်အတွက် ကြိုတင်ဟောခဲ့သည်များလည်း ဆက်တိုက်ဆိုသလိုမှန်နေပြန်၏ အံ့ဘွယ်ဆရာခပါတကား.....။


( ဆရာခဟောကိန်းထုတ်ခဲ့သည်များထဲမှ ဒေါက်တာဆိတ်ဖွားကလောင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို မနက်ဖြန်တွင်ဆက်လက်ဖေါ်ပြပါမည် ၊ မနက်ဖြန် ဇွန်လ ၂၅ ၇က်နေ့တွက် ကျရောက်မည့် ဆရာခ၏ မွေးနေ့တွင် ဆရာခအား သတိရခြင်း ၊ လေးစားနေခြင်းအထိမ်းအမှတ်အဖြစ် ဤစာစုကို ရေးသားပါသည် ။)


ဒေါက်တာဆိတ်ဖွား