xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: October 2012

Wednesday, October 31, 2012

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂ )
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။


၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။


၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။


၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများ ကို တွေ့ရှိရပါသည်။


၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။


၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများ ကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Monday, October 29, 2012

ဒေါက်တာဆိတ်ဖွား ပြန်လာပြီ

ယနေ့ည ကျွန်ုပ်၏ Email ကိုစစ်လိုက်သောအခါ ပျောက်ချက်သားကောင်းလှသော ဆရာကိုဆိတ်ဖွားထံမှ စာတစ်စောင်ရောက်ရှိနေသည်ကို ၀မ်းမြောက်ဘွယ်တွေ့ရှိရလေသည် ၊ စာဟုဆိုသော်လည်း Typing ရိုက်ထားသောစာမျိုးမဟုတ်ပဲ လက်ရေးဖြင့်စာရွက်ပေါ်တွင်ရေးထားသည်ကို ဓါတ်ပုံရိုက် ၍ ပေး ပို့ လိုက်သော စာမျိုးဖြစ်လေသည် ၊ ထိုစာမျိုးကို ဆရာကိုဆိတ်ဖွားသည် ခရီးသွားနေသည့်အခါမျိုးတွင် ပေးပို့လေ့ရှိရာ ဆရာကိုဆိတ်ဖွားသည် မည်သည့်အရပ်မှ မည်သည့် အရပ်သို့ သွားနေသည်ကို  ကျွန်ုပ်အနေဖြင့် ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း သူသည် ခရီးတစ်ခုခုကို သွားနေကြောင်းကိုမူ ခန့်မှန်းနိုင်ပေသည် ၊ ဤစာသည်ပင်လျှင် ဆရာကိုဆိတ်ဖွားတစ်ယောက် ဘလော့လောကသို့ မကြာမီကာလအတွင်း ပြန်လည် ၀င်ရောက်လာတော့မည့်အကြောင်း Message တစ်ခုဟု ဆိုလိုကလည်းဆိုနိုင်မည်ဖြစ်ပါသည် ။

စာပါအကြောင်းအရာများသည် ကျွန်ုပ်နှင့် ဆရာကိုဆိတ်ဖွားနှစ်ဦးနှင့်သာ သီးသန့်သက်ဆိုင်သည့် အရာများဖြစ်သော်လည်း စာ၏အဆုံးသတ်ပိုင်းတွင် ပါသောဆရာကိုဆိတ်ဖွား၏ စိတ်ကူးကို သဘောကျနှစ်သက်မိပါသောကြောင့် Voice Of Myanmar ပရိတ်သသတ်ကြီးအား ပြန်လည်မျှဝေလိုက်ပါသည် ။

စာ၏နိဂုံးပိုင်းမှာ ............


" နေ၀င်းရေ......မြန်မာပြည်နိုင်ငံရေးကို စိတ်ပျက်လက်ပျက်ရှိတာနဲ့ ဖြစ်ချင်တာဖြစ်စမ်းကွာဆိုပြီး စိတ်လွတ်လက်လွတ်နေလာလိုက်တာ ဒီနေ့ဆို ၄ လ ကျော်လာပြီ.. ကိုယ့်ဖာသာကိုနေချင်သလို လွတ်လွတ်လပ်လပ်ကြီးနေလိုက်တာဟာ နစ်နာစရာရှိရင်   ကိုယ်တစ်ယောက်ထဲပဲ နစ်နာတယ်ထင်နေတာ တကယ်တော့ဒီလိုမဟုတ်ဘူး.... ကိုယ်ကကောင်းကျိုးပြုနိုင်တဲ့ပတ်ဝန်းကျင်ပါ နစ်နာသွားတာကို သတိပြုမိလာတယ် .... မွေးခြင်းနဲ့ သေခြင်းဟာ ခဏလေးဆိုပေမယ့် နေခြင်းမြတ်ဘို့လိုတယ် မဟုတ်လား.. နောက်ပြီးတော့ သေချင်လောက်အောင်နေတာထက်စာရင် နေချင်တုန်းသေတာက ပိုကောင်းတယ် ဆိုတဲ့အတွေးတစ်ခုလဲဝင်လာတယ် ...ဒီတော့ အသက်ရှင်နေတုန်းမှာ အဓိပ္ပါယ်ရှိဘို့ မြန်မာပြည်ကို ပြန်လာမယ်ကွာ.....အရင်လိုပဲလူမှုရေးတွေလုပ်မယ် .. စာရေးမယ် .. "
ဆိတ်ဖွား

ဟူ၍ဖြစ်ပါသည် ။

နေ၀င်း (Voice Of Myanmar)

Sunday, October 28, 2012

သံအမတ်

" နိုင်ငံခြားမှာလိုအပ်နေလို့ အချို့ကို သံအမတ်အဖြစ်နဲ့စေလွှတ်တယ် ၊ တချို့ကိုတော့ ပြည်တွင်းမှာ မလိုအပ်တော့လို့ စေလွှတ်တယ် "

( ၀ီလျံဟင်နရီစူးအက် )